နားရက်ပိုရခြင်းက ချယ်လ်ဆီးအတွက် အားသာချက်ကြီးမားဟု ဘာစီလိုနာနည်းပြဆို

နားရက်ပိုရခြင်းက ချယ်လ်ဆီးအတွက် အားသာချက်ကြီးမားဟု ဘာစီလိုနာနည်းပြဆို

 

ဖေဖော်ဝါရီ ၁၇၊ ဘာစီလိုနာ။                     ။ အင်္ဂါနေ့တွင် စတမ်းဖို့ဒ်ဘရစ်ချ်၌ကစားမည့် ချန်ပီယံလိဂ်ပွဲအတွက် နားရက်တစ်ရက်ပိုရခြင်းက ချယ်လ်ဆီးအသင်းအတွက် ကြီးမားသည့် အားသာချက်ဖြစ်စေသည်ဟု ဘာစီလိုနာနည်းပြဗယ်ဗာဒီက ယူဆနေသည်။

ချယ်လ်ဆီးအသင်းသည် အက်ဖ်အေဖလား ပဉ္စမဆင့်ပွဲအဖြစ် ဟားလ်စီးတီးနှင့် အိမ်ကွင်းတွင် သောကြာနေ့က ကစားခဲ့ရပြီး ဘာစီလိုနာမှာ လာလီဂါပွဲအဖြစ် စနေနေ့တွင် အီဘာနှင့် သွားကစားရမည်ဖြစ်သည်။

ဟားလ်စီးတီးကို ၄-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ချယ်လ်ဆီးအသင်းသည် ဟာဇက်၊ ကော့တွိုက်စ်၊ အလွန်ဆို၊ ခရစ္စတီယန်ဆန်၊ အက်ဇ်ပီလီကွယ်တာတို့ကဲ့သို့သော ကစားသမားများကို အနားပေးထားနိုင်ခဲ့သည်။

သို့သော် ဘာစီလိုနာအဓိက ကစားသမားအားလုံးနီးပါးမှာ အဆင့် ၇ နေရာမှ အီဘာနှင့်ပွဲတွင် ပါဝင်ကစားရဖွယ်ရှိနေပြီး ကော်တင်ဟိုမှာလည်း ချန်ပီယံလိဂ်တွင် cup-tied မိထား၍ ပါဝင်ကစားနိုင်မည်မဟုတ်ပေ။

ဗယ်ဗာဒီက “နားရက်ပိုရတာက ကြံ့ခိုင်မှုပိုင်းအတွက် အများကြီးအကျိုးရှိပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် အီဘာနဲ့ပွဲကို ကျွန်တော်လည်း သောကြာနေ့မှာ ကစားချင်တာပေါ့။

အီဘာနဲ့ပွဲကလည်း အရေးကြီးပွဲတစ်ပွဲပါ။ အခုလောလောဆယ်မှာတော့ အဲဒီပွဲအကြောင်းပဲစဉ်းစားနေပါတယ်။ အင်္ဂါနေ့ပွဲ အကြောင်းက နောက်မှပဲစဉ်းစားရမှာပါ”ဟု ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required