၆ နှစ်အရွယ် ​ယောင်္ကျား​လေးကို အဓမ္မပြုကျင်​့ခဲ့သူအား အမှုဖွင်​့ထား

၆ နှစ်အရွယ် ​ယောင်္ကျား​လေးကို အဓမ္မပြုကျင်​့ခဲ့သူအား အမှုဖွင်​့ထား

 

ရန်ကုန်၊ဖေဖော်ဝါရီလ ၁၇ ။               ။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ အသက် ၆ နှစ်အရွယ် ယောင်္ကျားလေးကို ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမစပ်ယှက်ခဲ့သူအား အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ကလေးငယ်ကို ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမစပ်ယှက်ခဲ့သူမှာ သံလျက်မှော်အရှေ့ရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ်  သက်ဖြိုးအောင်ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်ဖြိုးအောင်ဆိုသူကို ကလေးငယ်မိခင်ဖြစ်သူ တိုင်ကြားချက်အရ အမှတ်(၇)နယ်မြေရဲစခန်းတွင် (ပ)၇ဝ/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်၊ နံနက် ၉ နာရီအချိန်က အသက် ၃၉ နှစ်အရွယ် အမျိုးသမီးမှာ ၎င်း၏ သားဖြစ်သူ အသက် ၆ နှစ်အရွယ် ကလေးငယ်နှင့်အတူ ဈေးဝယ်ပြီးအပြန် အိမ်မရောက်မီ ကလေးငယ်မှာ အခြားကလေးများနှင့် လမ်းပေါ်တွင် ဆော့ကစားကျန်ခဲ့သည်။

နံနက် ၁၁ နာရီခန့်ချိန်ထိ သားဖြစ်သူ အိမ်ပြန်မရောက်လာသဖြင့် မိခင်ဖြစ်သူက သွားရောက်ရှာဖွေခဲ့ရာ သက်ဖြိုးအောင်ဆိုသူက  သားရေစက်ရုံဝန်းအတွင်းသို့ သရက်သီးခူးရန် ခေါ်ဆောင်သွားကြောင်း သိရှိခဲ့သည်။

မိခင်ဖြစ်သူက အိမ်နီးချင်းတစ်ဦးနှင့်အတူ  အဆိုပါစက်ရုံဝန်းသို့လိုက်သွားခဲ့ရာ  စက်ရုံဝန်းအတွင်းရှိ ရေတွင်းအနီးတွင် သက်ဖြိုးအောင်နှင့်အတူ ၎င်း၏ သားဖြစ်သူကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ရှိခဲ့ရာ မိခင်ဖြစ်သူက သားဖြစ်သူ အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ပွေ့ချီခေါ်ဆောင်လာစဉ် သွေးများထွက်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မိခင်ဖြစ်သူက ကလေးငယ်ကို မေးမြန်းခဲ့ရာ သက်ဖြိုးအောင်က ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်ခဲ့ကြောင်း ပြောပြသဖြင့်  ကလေးငယ်၏ မိခင်ဖြစ်သူက သက်ဖြိုးအောင်ဆိုသူကို အရေးယူပေးရန် အမှတ်(၇)နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သက်ဖြိုးအောင်ဆိုသူအား အမှုဖွင့်စစ်ဆေးနေသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၇ မှာ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းထိချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required