ဖလော်ရီဒါကျောင်း အစုံအပြံုလိုက် ပစ်ခတ်သူက နားထဲက ကြားနေရသည့် အသံများက စေခိုင်းခြင်းကြောင့် ပစ်ခတ်ခဲဲ့ခြင်းဟု ထွက်ဆို

ဖလော်ရီဒါကျောင်း အစုံအပြံုလိုက် ပစ်ခတ်သူက နားထဲက ကြားနေရသည့် အသံများက စေခိုင်းခြင်းကြောင့် ပစ်ခတ်ခဲဲ့ခြင်းဟု ထွက်ဆို

 

မီယာမီ၊ ဖေဖော်ဝါရီ ၁၇ ။              ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းတစ်ကျောင်း လူ ၁၇ ဦးကို ပစ်ခတ်ခဲ့သော အစုအပြုံလိုက်ပစ်သတ်သူ နီကိုလပ်ခရုဇ်က ၎င်း၏ နားထဲ ကြားနေရသည့် အသံများက ပစ်ခတ်မှုလုပ်ရန် စေခိုင်းခြင်းကြောင့် ယခုကဲ့သို့ ကျူးလွန်မိခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း ရဲက ABC သတင်းဌာနသို့ ပြောသည်။

ပတ်လန်းရှိ Marjory Stoneman Douglas High School အထက်ကျောင်းတွင် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့က ကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် အသက် ၁၉ နှစ်အရွယ် ခရုဇ်သည် ကျောင်းတွင်း ပစ်ခတ်မှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းအား ကြိုတင်ကြံစည်သော လူသတ်မှု ၁၇ မှုဖြင့် ဖမ်းဆီးစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ခရုဇ်၏ နားထဲက ကြားနေရသော အသံများသည် မကောင်းဆိုးဝါး မိစ္ဆာဝင်ပူးသကဲ့သို့သော အသံများကို ကြားနေရခြင်းဖြစ်သည်ဟု ရဲသတင်းရင်းမြစ်များအရ ABC သတင်းဌာနက ဖော်ပြသည်။

ခရုဇ်အနေဖြင့် ၎င်းဝင်ရောက်ပစ်ခတ်ခဲ့ရာ ကျောင်းမှ ကျောင်းသားဟောင်းတစ်ဦးပဲဖြစ်ပြီး စည်းကမ်းမလိုက်နာမှုကြောင့် ထုတ်ပယ်ခံထားရသည့် ကျောင်းသားဟောင်းဖြစ်သည်။

အဆိုပါ အထက်တန်းကျောင်း ပစ်ခတ်မှုသည် ၂၀၁၂ ခုနှစ်အတွင်းက ကွန်နက်တီကက်ပြည်နယ်၌ လူပေါင်း ၂၆ ဦး သေဆုံးခဲ့သော ကျောင်းတွင်း ပစ်ခတ်မှုနောက်ပိုင်း သေဆုံးမှုအများဆုံး စာသင်ကျောင်းအတွင်း ပစ်ခတ်မှုတစ်ရပ် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်စတင်ချိန်မှစကာ ပစ်ခတ်မှုပေါင်း ၂၀ နီးပါး ဖြစ်ခဲ့သည့်အနက် တစ်ခုဖြစ်သည့် ယခုပစ်ခတ်မှုအရ အမေရိကန်နိုင်ငံအတွင်း လက်နက်ကိုင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေမှုကို မီးမောင်းထိုးပြလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly