ဆီးရီးယားအကျပ်အတည်း ပြေလည်စေရေးတွင် တူရကီနှင့် ရပ်တည်ချက်တူညီဟု ကန်နိုင်ငံခြားရေးဝန်ကြီး ပြော

ဆီးရီးယားအကျပ်အတည်း ပြေလည်စေရေးတွင် တူရကီနှင့် ရပ်တည်ချက်တူညီဟု ကန်နိုင်ငံခြားရေးဝန်ကြီး ပြော

 

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ။            ။ စစ်ဒဏ်သင့် ဆီးရီးယားတွင် အိုင်အက်စ်အုပ်စုအား တိုက်ထုတ်ရေးနှင့် ပြန်လည်တည်ငြိမ်မှု ရရှိရေးတို့တွင် အမေရိကန်နှင့် တူရကီနိုင်ငံတို့သည် တူညီသော ပန်းတိုင်တွင် ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောသည်။

အန်ကာရာတွင် တူရကီနိုင်ငံခြားရေးဝန်ကြီး မီဗဲလော့ကာဗူဆိုဂါလူနှင့် နေတိုးအဖွဲ့ဝင် မဟာမိတ်နှစ်နိုင်ငံကြား နှစ်များစွာ အဆိုးဆုံးတင်းမာမှုများ ဖြေလျော့ရေး ရည်ရွယ်ကာ တွေ့ဆုံဆွေးနွေးပြီး ပူးတွဲသတင်းစာရှင်းလင်ပွဲ လုပ်ဆောင်ရာတွင် ရက်တေလာဆန်က ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် ဆီးရီးယားတွင် ကာ့ဒ်များ ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များကို အမေရိကန်စစ်တပ်က ထောက်ပံ့နေခြင်းအတွက် တူရကီသည် ပြင်းစွာ အမျက်ထွက်နေခဲ့သည့်   နိုင်ငံပဲ ဖြစ်သည်။

အမေရိကန်ကမူ အဆိုပါ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များသည် ဆီးရီးယားတွင် အိုင်အက်စ်တို့ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်သူများအဖြစ် သုံးသပ်ထားပြီး ယခုသီတင်းပတ်အတွင်းမှာပင် အထောက်အပံ့သစ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို ကူညီမည့် ဘတ်ဂျက်အစီအစဉ်တစ်ရပ်အား ၎င်းတပ်ဖွဲ့များထံ ကမ်းလှမ်းထားသည်။

တူရကီကမူ ယင်းတပ်ဖွဲ့သည် အကြမ်းဖက်အဖွဲ့ဖြစ်ကာ တူရကီတွင် ကာ့ဒ်သောင်းကျန်းမှုများ နယ်ကျူးဝင်ရောက်မှုအဖြစ် သတ်မှတ်ပြီး အမေရိကန်၏ ယင်းအဖွဲ့အား ထောက်ပံ့နေမှုသည် ထိပ်တန်းလုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားခြင်း ဖြစ်သည်။

အမေရိကန်ဥပဒေတစ်ရပ်အရ အကျုံးဝင်သက်ရောက်မှုရှိမည်ဖြစ်သော ရုရှထံမှ တူရကီက စစ်လက်နက်ပစ္စည်းများ ဝယ်ယူမည့် စီမံကိန်းအပေါ်လည်း တေလာဆန်နှင့် မီဗဲလော့တို့ကြားတွင်   ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမေရိကန်၏ ရွေးကောက်ပွဲကို ခြေထိုးမှုအား တုံ့ပြန်သ်ည့အနေဖြင့် ရုရှအပေါ် တိုက်ရိုက်ပစ်မှတ်ထားသည့် ဥပဒေတစ်ရပ် ပြဌာန်းထားခြင်းအပေါ် ကမ္ဘာ့ပေါ်ရှိနိုင်ငံတိုင်းအနေဖြင့် အလေးထားသင့်သည်ဟု အမေရိကန်က အကြံပေးကြောင်း တေလာဆန်က ပြောခဲ့သည်။

အဆိုပါ ဥပဒေသည် အခြားသော နိုင်ငံများကို ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိကြောင်းလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly