မကွေးဝန်ကြီးချုပ် အဆိုပြုသည့် ဝန်ကြီးနှစ်ဦးအား တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး ကန့်ကွက်

မကွေးဝန်ကြီးချုပ် အဆိုပြုသည့် ဝန်ကြီးနှစ်ဦးအား တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး ကန့်ကွက်

မကွေး၊ဖေဖော်ဝါရီလ ၁၆ ။       ။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးနှစ်နေရာအား မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဆိုပြုတင်သွင်းထားသော ဝန်ကြီးနှစ်ဦးအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခဲ့ကြသည်။ေ

ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ကျင်းပသည့် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) ဒုတိယနေ့တွင် ယင်းကဲ့သို့ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

“ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ၂၆၂ (ဂ) အရ ကျွန်တော်တို့ ကန့်ကွက်တာ သက်သေအထောက်အထား မပြနိုင်ရင် ကန့်ကွက် လို့မရကြောင်းပါ ပါတယ် ။ ဒါဝန်ကြီးချုပ်ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ပါတီကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခွန်းနဲ့ ပြည်သူလူထုက ပါတီကို မဲပေးခဲ့တာပါ ဒီအချိန်မှာ ပြည်သူလူထုရဲ့ တင်ပြချက်၊ယူဆချက်တွေကို ကျောခိုင်းမသွားချင်လို့ ကန့်ကွက်တာပါဟု မကွေးတိုင်းဒေသကြီး အစိုးရမှ အဆိုပြု တင်သွင်းထားသော လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးအား ကန့်ကွက် ကြောင်း အဆိုတင်သွင်းထားသည့် စလင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ပြောသည်။

အဆိုပါနှစ်ဦးသည် ပါတီဝင်များမဟုတ်၊လွှတ်တော်ကိုယ်စားလှယ်များမဟုတ်ဘဲ ပြင်ပမှ ပညာရှင်များသာ ဖြစ်ကြောင်း သိရကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များဖြစ်သော တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဌာန ဝန်ကြီးနေရာ နှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဌာန ဝန်ကြီးနေရာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြုလာသည့် နှစ်ဦးမှာ မကွေးမြို့ အောင်မေတ္တာ(ခ)ရပ်ကွက် ၁၆လမ်း အမှတ် ၁၆၆၆.၇ တွင်နေထိုင်သည့် ဦးအေးငွေ၊ညွှန်ကြားရေးမှူး( ငြိမ်း၊ဆည်မြောင်း ) အသက်(၆၉)နှစ် နှင့်မကွေးမြို့ ကန်သာရပ် ကွက် D အုပ်စု ၈၄/ကန်သာ( ၁၆)လမ်းတွင် နေထိုင်သည့် ဦးအောင်ကျော်မိုး၊ အသက်(၆၇)နှစ်  တွဲဖက်ပြည်နယ် ပညာရေးမှူး(ငြိမ်း) တို့ ဖြစ်သည်။

မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများအဖြစ် အဆိုတင်သွင်းခံရသူနှစ်ဦးအနက် တစ်ဦးသည် တိုင်းလက်ထောက် ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် အလယ်တန်းပြဆရာတစ်ဦးကို နိုင်ငံရေးလုပ်သည်ဟူသော စွဲချက်ဖြင့် ခုံရုံးဖွဲ့စစ်ဆေးခဲ့သူတစ်ဦးဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်ဟု  တိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ယင်းကန့်ကွက်မှုကို စီစစ်ရန်အတွက် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအား ၁၀ ရက် ရက်ရွှေ့ခဲ့ ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောကြားသည်။

“ တိုင်းအစိုးရက အဆိုပြုတင်သွင်းထားတဲ့ ဝန်ကြီးနှစ်ဦးနေရာနဲ့ ပတ်သက်ပြီး နှစ်ဦးလုံးကို ကန့်ကွက်ကြောင်း အဆိုပြုချက် တင်သွင်းခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အချိန်ယူ စီစစ်သွားမယ် ဝန်ကြီးတင်မယ့် ပုဂ္ဂိုလ်တွေလည်း မနစ်နာအောင်၊ တစ်ဖက်ကလည်း ဥပဒေအတိုင်းဆောင်ရွက်သွားမှာပါ” ဟု မကွေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောသည်။

တိုင်းအစိုးရမှ အဆိုပြု တင်သွင်းလာသည့် ဝန်ကြီးနှစ်ဦးနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးကန့်ကွက်ကြောင်းအဆိုတင်သွင်းထားသည့်အပေါ် မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာနှင့် ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့မှ အချိန်ယူ စီစစ်သွားမည်ဖြစ်၍ လွှတ်တော် အား ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ၁၀ ရက်သို့ ရက်ရွှေ့ခဲ့သည်။

“ ဥပဒေနဲ့ ညီ၊ မညီ စီစစ်မယ် ။ ကိုက်ညီရင်လက်ခံမယ်။ လွှတ်တော်မှာ အဆိုတင်သွင်းမယ်။ လွှတ်တော်မှာ ထောက်ခံ ဆွေးနွေးဖို့ သင့်မသင့် ဆုံးဖြတ်ရမှာပါ” ဟု ဦးတာက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်တို့သည် ဇန်နဝါရီ လ ၅ ရက်နေ့က ဝန်ကြီးနေရာမှ နှုတ်ထွက်စာတင်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့က သမ္မတရုံးမှ ခွင့်ပြုပေးခဲ့ရာ လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာတွင် တစ်လကျော်အကြာ၌ တိုင်းအစိုးရမှတိုင်းလွှတ်တော်သို့ အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly