မောင်တောရှိ ဟိန္ဒူများ နေရပ်ပြန်ရန် အခက်အခဲများရှိနေ

မောင်တောရှိ ဟိန္ဒူများ နေရပ်ပြန်ရန် အခက်အခဲများရှိနေ
ဓာတ်ပုံ - စိုးသူရ

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ။            ။ ရခိုင်ပြည်နယ် မောင်တောဒေသ ပဋိပက္ခများကြောင့် နေအိမ်စွန့်ခွာရှောင်ပြေးခဲ့ရသည့် ဟိန္ဒူဒုက္ခသည် များအနေဖြင့် မူလရပ်ရွာနေအိမ်များသို့ ပြန်လည်နေထိုင်ရန် အခက်အခဲများ ရှိနေသည်ဟု မောင်တောရှိ ဟိန္ဒူဒုက္ခသည်များကို ကူညီ စောင့်ရှောက် ပေးနေသည့် ဦးနီမောရ်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"လုံခြုံရေးကတော့ ရှိနေပါတယ်။ ဒါပေမယ့်လုံခြုံရေးရှိနေတဲ့ ကာလအတွင်းမှာတောင် ဒီလိုအဖြစ်တွေ ရှိနေခဲ့တာလေ။ ခံရပြီးနောက်မှ လုံခြုံရေးကရောက်လာတာလေ။ ထွက်ပြေးလာတဲ့နေရာတွေကို   ပြန်မသွားရဲဘူး။ စိတ်ချလို့ မရသေးဘူးပေါ့နော်။ သံသယတွေ ရှိနေတယ်" ဟု ဦးနီမောရ်က ဆိုသည်။

ဦးတင်အောင် အမည်ရှိသူမှ ဦးဆောင်ပြီး လူလေးငါးယောက်ခန့်မှ ယင်းဟိန္ဒူဒုက္ခသည်စခန်းသို့ လာရောက်ပြီး မူလရပ်ရွာထံပြန်လည်နေထိုင်ရန် ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေသည်ဟု ဦးနီမောရ်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအား တိုင်တန်းထားမှု မရှိဘဲ အဆိုပါ လာရောက်ခြိမ်းခြောက်သူမှ "တိုင်ချင်ရာတိုင် ငါတို့ကို ခယက က ခိုင်းလို့လာလုပ်တာ ဆိုပြီးပြောပါတယ်" ဟု ဦးနီမောရ် ကဆိုသည်။

မောင်တောမြို့ပေါ်၌ ထွက်ပြေးတိမ်းရှောင်လာသည့် ဟိန္ဒူဒုက္ခသည်ပေါင်း ၁၅၀၀ ခန့်ရှိနေပြီး မောင်တော (ခယက) ရုံးနားရှိ စခန်းတွင် လူဦးရေ ၅၀၀ ခန့် ၊ အထက ကျောင်းရှိ စခန်းတွင် လူဦးရေ ၁၀၀၀ ခန့် ရှိနေပြီး ယင်းဟိန္ဒူများအား စားနပ်ရိက္ခာ ထောက်ပံ့ရာတွင်လည်း အခက်အခဲများ ရှိနေသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း၌ ဖြစ်ပွားခဲ့သည် ပဋိပက္ခဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများ သည် နေရပ်များစွန့်ခွာပြီး ဘေးကင်းရာသို့ ရှောင်တိမ်းခဲ့ရသည်။

ပြန်ဝင်လာမည့် ဟိန္ဒူဘာသာဝင်တွေကို အိုးထိန်း၊ မြို့မအရှေ့၊ ကြိမ်ချောင်း၊ တောင်ပြို ၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦး နဲ့ မောင်တော လေးမိုင် တို့မှာ နေရာချထားပေးမည် ဖြစ်ပြီး  နေအိမ်များ   ဆောက်လုပ်နေသည်ဟု အစိုးရဘက်မှ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required