လယ်သမားများ ကျောက်ဆည်တွင် တွေ့ဆုံပြီး မြေသိမ်းဥပဒေအကြောင်း ဆွေးနွေး

လယ်သမားများ ကျောက်ဆည်တွင် တွေ့ဆုံပြီး မြေသိမ်းဥပဒေအကြောင်း ဆွေးနွေး
ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကျောက်ဆည်မြို့တွင် တွေ့ဆုံပြီးလယ်ယာမြေဆိုင်ရာ ဥပဒေအရေးဆွေးနွေးနေကြသော ဒေသခံလယ်သမားများ (ဓာတ်ပုံ - သာလင်းနိုင်)

ဖေဖော်ဝါရီ၁၂၊ ၂ဝ၁၈ ။            ။ နိုင်ငံအနံှ့အပြားရှိ သိမ်းဆည်းခံထားရသည့် မြေများမူလပိုင်ရှင်၊ သက်ဆိုင်ဆိုင်သူတို့ထံ ပြန်လည် ရောက်ရှိရေးဆောင်ရွက်ကြရာတွင် ဥပဒေများကိုပိုမိုလေ့လာရန် လိုအပ်လာကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်တချို့က မကြာသေးမီကပြောလိုက်သည်။

ကျောက်ဆည်မြို့တွင်ဖေဖော်ဝါရီ ၁ဝ ရက်နေ့က ၂ ရက်ကြာပြုလုပ်သောမြေမူဝါဒနှင့် မြေယာဥပဒေများဆိုင်ရာ ဆွေးနွေးပွဲတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဝမ်းတွင်းမဲဆန္ဒနယ် ၂ မှ ဦးအောင်သူကမြေသိမ်းခံတောင်သူတို့၏ အခက်အခဲကို ဖြေရှင်းပေးလိုသဖြင့် လယ်ယာမြေ၊ လယ်သမားတို့နှင့် သက်ဆိုင်သော ဥပဒေများကို အဆက်မပြတ် လေ့လာနေရသည်ဟု ဆိုသည်။

"တောင်သူလယ်သမားတွေရဲ့ အခက်အခဲ၊ ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ ဥပဒေကို ကျွန်တော်တို့ မသိရင်  ကျွန်တော်တို့ တစ်ပန်ရှုံးပါတယ်"ဟု ဦးအောင်သူက ပြောသည်။

"ပြည်သူလူထုကြားမှာ မြေယာမူဝါဒတွေ၊ မြေယာဥပဒေတွေ သိနေမှ တောင်သူလယ်သမားတွေရဲ့ ဘဝ သက်သာရာ ရမယ်"

ဆွေးနွေးပွဲ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များကလည်း အလားတူ ပြောကြားကြပြီး ၎င်းတို့သည် တိုင်းဒေသကြီးအတွင်း အကြောင်းအရာမျိုးစုံကို ထိတွေ့ ကိုင်တွယ်နေရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်ယူထားသည့် သက်တမ်း ၂ နှစ် ဝန်းကျင်အတွင်းလေ့လာသင်ယူ အားထုတ်ဆဲဖြစ်ကြောင်း၊ တောင်သူလယ်သမားတို့သည်လည်း သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေးအတွက် ဥပဒေလေ့လာသင့်ကြောင်း ပြောကြသည်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အများစုမှာ ဥပဒေရေးရာနှင့် အကျွမ်းတဝင် မရှိလှပေ။

လေ့လာသူ အနည်းငယ်ထဲတွင် ငါးဇွန်မြို့နယ်၊ မြို့သာမြို့မှ တောင်သူတစ်ဦးဖြစ်သူ ဒေါ်အေးထိုက်လည်း ပါဝင်သည်။

"တောင်သူဆိုတော့ တောင်သူအလုပ် ရှိသေးတယ်၊ တစိုက်မတ်မတ်ကြီးတော့ မလေ့လာဖြစ်ဘူး၊  ဥပဒေကို မလေ့လာခင်ကတည်းက မြေကိုမတရားသိမ်းလို့မရဘူးဆိုတာ သိနေတယ်"ဟု ဒေါ်အေးထိုက်ကပြောသည်။

မြစ်သားမြို့နယ်၊ တေစိုးရွာမှ ဒေါ်ခင်ညိုက ၂ဝ၁၂ ခုနှစ်တွင် လက်လွှတ်လိုက်ရသော စိုက်ပျိုးမြေကို ပြန်လည် ရရှိလိုသဖြင့် ဥပဒေလေ့လာထားသည်ဟုဆိုသည်။

ဆွေးနွေးပွဲတွင် ဒေသတွင်းရပ်ကွက်၊ ကျေးရွာအဆင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီတချို့မှ ကော်မတီဝင် ၅ ဦးကလည်းလယ်သမားတို့ကို အတွေ့အကြုံ ဖလှယ်ခဲ့ကြောင်း တွေ့ရသည်။

ဆွေးနွေးပွဲတွင် ကျောက်ဆည်၊ မြစ်သား၊ ငါးဇွန်၊ သာစည်၊ နွားထိုးကြီး၊ တောင်သာ၊ မိတ္ထီလာ၊ ဝမ်းတွင်းမြို့နယ်များမှ မြေသိမ်းခံတောင်သူလယ်သမား ၉ဝ ခန့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တချို့နှင့် အရပ်ဘက်အဖွဲ့အစည်း တချို့က မြေယာမူဝါဒ၊ မြေသိမ်းဥပဒေ၊ ကျေးရွာပိုင်ထင်းစိုက်ခင်း ဥပဒေတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ အဓိကဆွေးနွေးသည့် အကြောင်းအရာတစ်ခုမှာ လက်ရှိ ပြင်ဆင်လျက်ရှိသော မြေသိမ်းဥပဒေ (မူကြမ်း) ဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်သောဒေသတွင်းလွှတ်တော် ကိုယ်စားလှယ်များမှာဦးမင်းအောင် (မြစ်သား၁)၊ ဦးအောင်သူ (ဝမ်းတွင်း၂)၊ ဦးစိုးမင်းထက် (ဝမ်းတွင်း ၁)၊ ဦးရဲမင်းထွန်း(ကျောက်ဆည် ၁) တို့ ဖြစ်သည်။

ဆွေးနွေးပွဲရလဒ်များကို ပြည်သူ့လွှတ်တော်ရှိ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ထံသွားရောက်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားမည်ဟု ဆွေးနွေးပွဲ စီစဉ်သည့်  မိတ္ထီလာမြို့ အခြေစိုက် Peace and Justice အဖွဲ့မှ  ဦးလွင်မောင်မောင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required