ရှေ့နေများအတွက် ဥပဒေစာကြည့်တိုက်ဖွင့်လှစ်

ရှေ့နေများအတွက် ဥပဒေစာကြည့်တိုက်ဖွင့်လှစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။          ။ ရှေ့နေများအတွက် ဥပဒေစာကြည့်တိုက် အသစ်တစ်ခုကို ယနေ့ ဗိုလ်တထောင်မြို့နယ်တွင်ရှိသည့်  မြန်မာနိုင်ငံလွှတ်လပ်သော ရှေ့နေများအသင်း ရုံးချုပ်တွင်  ဖွင့်လှစ်လိုက်သည်။

ယင်းစာကြည့်တိုက်တွင် ပြည်တွင်းပြဋ္ဌာန်းဥပဒေ၊  လမ်းညွှန်စဉ်ထုံး၊ နည်းဥပဒေ နှင့် ညွှန်ကြားချက်များနှင့် ပတ်သက်သည့် ဥပဒေစာအုပ် ၃၀၀ ကျော်ခန့် ကို စုစောင်းထားရှိသည်ဟုသိရသည်။

“ စာကြည့်တိုက်ဖွင့်ပွဲဆိုတာ အဓိကတော့ ရှေ့နေတွေလိုအပ်နေတဲ့အခက်အခဲတွေကို တစ်ထောင့်တစ်နေရာကနေကူညီပေးခြင်းဖြစ်ပါတယ်။ ဘာ ကြောင့်ဆို ရှေ့နေရဲ့လက်နက်ကစာအုပ်ပါ။ အဲ့တော့ စာအုပ်မရှိ လက်နက်မရှိရင် သူတရားခွင်မှာသွားပြီးတော့ အမှုရင်ဆိုင်ဖို့က အခက်ခဲဖြစ်ပါတယ် “ လို့ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းချမ်းက ပြောသည်။

ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာနိုင်ငံလွှတ်လပ်သောရှေ့နေများအသင်း ရုံးချုပ်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်)   ပြုလုပ်ခဲ့သည့် ဥပဒေစာကြည့်တိုက် ဖွင့်ပွဲတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဥပဒေစာကြည့်တိုက်ကို မည်သည့်ရှေ့နေမဆို အချိန်မရွေး အိုင်ဒီကဒ် တစ်ခုခုယူလာပြီး ဖတ်ရှှု့လေ့လာနိုင်သည်ဟု ဦးစိန်ဝင်းချမ်းကဆက်လက်ပြောသည်။

ထို့အပြင် ရှာဖွေရန်မလွယ်ကူသော ဥပဒေဆိုင်ရာ စာအုပ်များကိုလည်း စာကြည့်တိုက်တွင် စုစောင်းထားသည်ဟု သိရသည်။

လတ်တလော စာအုပ်များကို စာကြည့်တိုက်မှာပင်ဖတ်ရှှု့ခွင့်ရမှာဖြစ်ပြီး အိမ်ကို ငှားခွင့်မပြုသေးကြောင်းလည်းသိရသည်။

 “ ရှေ့နေဆိုတာ ဥပဒေပညာရှင်ပေါ့နော်။ ဥပဒေပညာရှင်ဆိုတာက ဥပဒေစာအုပ်တွေမဖတ်ပဲပညာရှင်မဖြစ်ဘူး။ အမှုတစ်ခုလိုက်ရင် အဲ့ဒီ့အမှုနဲ့ပက် သက်ပြီးတော့ ဥပဒေဘယ်မှာရှာရမလဲဆိုတော့ စာကြည့်တိုက်မှာရှာရမယ်။ ဥပဒေစာကြည့်တိုက်ကိုဖြစ်လာအောင် ဆောင်ရွက်ပေးကြတဲ့ လွှတ်လပ် သောရှေ့နေများနဲ့ လှူဒါန်းကြတဲ့ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်တယ်။

ဒီလိုစာကြည့်တိုက်ဖွင့်ပွဲမျိုးတွေပေါ်ပါစေလို့ ဆုတောင်းတယ်ပေါ့နော် “ လို့ မြန်မာမီဒီယာရှေ့နေများကွန်ယက် ဥက္ကဋ္ဌ ဦးအောင်စိုးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly