ပထမအကျော့အနိုင်ရလဒ်က စိတ်မချရသေးဘူးလို့ သတိပေးလိုက်တဲ့ ဇီဒန်း

ပထမအကျော့အနိုင်ရလဒ်က စိတ်မချရသေးဘူးလို့ သတိပေးလိုက်တဲ့ ဇီဒန်း

 

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ စီရော်နယ်ဒိုရဲ့ခြေစွမ်းပြမှုနဲ့အတူ ပီအက်စ်ဂျီ အသင်းကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် နောက်တစ်ဆင့်တက်ဖို့ စိတ်မချရသေးဘူးလို့ နည်းပြဇီဒန်းက သတိပေးလိုက်ပါ တယ်။

ရီးယဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာ ဧည့်သည်ပီအက်စ်ဂျီအသင်းကို ဦးဆောင်ဂိုးအရင်ပေးခဲ့ရပြီးမှ စီရော်နယ်ဒိုနဲ့ မာဆယ်လိုတို့ရဲ့နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဇီဒန်းက “ဒီညစွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းကကျေနပ်စရာပါ။ ဒါပေမဲ့ ဒုတိယအကျော့ကျန်နေသေးပြီး ကျွန်တော်တို့ အားသွန်ခွန်စိုက်ကစားဖို့လိုပါတယ်။ ကျွန်တော်တို့ခံစားသွားရနိုင်တယ်ဆိုတာကိုလည်း သိထားပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီနည်းပြအမ်မရီကလည်း အသင်းရဲ့ခြေစွမ်းနဲ့ ရလဒ်အပေါ်အကောင်းမြင်ကြောင်း၊ ပဲရစ်မှာပြန်ကစားရမယ့်ပွဲအတွက် မျှော်လင့်ထားကြောင်းနဲ့   နောက်တစ်ဆင့် တက်နိုင်သေးတယ်လို့   ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကို ပင်နယ်တီပေးလိုက်ရတာနဲ့ပတ်သက်လို့ကတော့ ပီအက်စ်ဂျီနည်းပြအမ်မရီရော၊ ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီပါ ကျေနပ်ခြင်းမရှိကြပါဘူး။

အယ်လ်ခီလိုင်ဖီကဆိုရင် “အသင်းကြီးတွေနဲ့ရင်ဆိုင်ရတိုင်း ဒီလိုချည်းပါပဲ။ မနှစ်တုန်းက ဘာစီလိုနာ။ ဒီနှစ်မှာတော့ ရီးယဲလ် မက်ဒရစ်ပါ။ ဒီလောက်ပဲပြောချင်ပါတယ်။ ကျန်တာတော့ UEFA ရဲ့အပိုင်းပါ”လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required