ဗိုလ်တထောင်မြို့နယ်အတွင်း ခြိမ်းခြောက်ငွေတောင်း အဓမ္မပြုကျင့်သူအားဖမ်းမိ

ဗိုလ်တထောင်မြို့နယ်အတွင်း ခြိမ်းခြောက်ငွေတောင်း အဓမ္မပြုကျင့်သူအားဖမ်းမိ
Photo-Yangon Police

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ။          ။ ဗိုလ်တထောင်မြို့နယ်အတွင်း၌ ခြိမ်းခြောက်ငွေတောင်းယူပြီးနောက် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗိုလ်တထောင်မြို့နယ်နေ ဒေါ်---- သည် ဆောက်လက်စ(၈)ထပ် အဆောက်အအုံ၏ ပထမထပ်တွင် တစ်ဦးတည်းရှိနေစဉ် ပြစ်မှုကျူးလွန်သူ ရောက်ရှိလာကြောင်း ၊ ၎င်းက "ပိုက်ဆံထုတ်ပေးရန်နှင့် မပေးပါက မုဒိမ်းကျင့်မယ်၊ ထောင်ကထွက်လာတာ" ဟု ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ငွေကျပ် ၂၀၀ ၀၀၀ အားထုတ်ပေးခဲ့ပြီး နားမှ နားကပ်အားဖြုတ်ပေးခဲ့ကြောင်း၊ ထို့အပြင် အနီးရှိတိုင်တွင် ပုဆိုးဖြင့် တုပ်နှောင်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ဟု ထွက်ဆိုတိုင်တန်းခြင်းကြောင့် ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၈၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်စဉ်ကို စစ်ဆေးရာတွင် ပြစ်မှုကျူးလွန်သူကျန်ရစ်ခဲ့သည့် အသုံးအဆောင်ပစ္စည်း များ၊ မှတ်တမ်းစာအုပ်နှင့် ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ပုဆိုးအပိုင်းစ ၃ ခုတို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီးနောက် ပစ္စည်းများနှင့် ပတ်သက်၍ စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူသည် ဒေါပုံမြိုနယ်နေ မျိုးမင်းသူ(ခ)မျိုးဦး  ဖြစ်ကြောင်း သိရှိရကာ ၎င်းအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ အထည်အဟောင်းတန်းဈေး အတွင်း  ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူ မျိုးမင်းသူ(ခ)မျိုးဦးအား စစ်ဆေးရာ ၎င်းသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့က  ဗိုလ်တထောင်မြို့နယ်၊ (၄၂)လမ်းရှိ အရက်ဆိုင်တွင် အရက်သောက်ခဲ့ပြီး ငွေကြေးသုံးစွဲရန်မရှိသဖြင့် ခိုးမှု ကျူးလွန်ရန် ဆုံးဖြတ်ကာ အနီးရှိ ဆောက်လက်စ(၈)ထပ်တိုက်၏ ပထမထပ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အခန်းအတွင်း၌ အသက်(၅၀)ကျော်ခန့်ရှိ အမျိုးသမီးတစ်ဦးတည်းရှိနေသည်ကို တွေ့ရှိသဖြင့် ယင်းကဲ့သို့ ပြစ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ပြစ်မှုကျူးလွန်သူသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ခုနှစ်အတွင်းက လသာမြို့နယ်အတွင်း ခိုးမှုများ ကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ်(၁)နှစ်နှင့် (၉)လကျခံခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ထောင်မှလွတ်မြောက်လာခဲ့သူဖြစ်ကြောင်း သိရှိရသည်။

စစ်ဆေးချက်အရ မျိုးမင်းသူ(ခ)မျိုးဦးအား ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required