ထိုင်းအကျဉ်းထောင်တွေမှာ ဟဒယရွှင်ဆေးတိုက်ကျွေးနေတဲ့ မစ္စတာဘင်း

ထိုင်းအကျဉ်းထောင်တွေမှာ ဟဒယရွှင်ဆေးတိုက်ကျွေးနေတဲ့ မစ္စတာဘင်း

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄ ။           ။ လည်စည်းအနီ၊ အညိုရောင်ကုတ်အကျီၤ၊ ရုံးလက်ဆွဲအိတ်နဲ့ ဝက်ဝံရုပ်လေးတစ်ရုပ်နဲ့အတူ ထိုင်းနိုင်ငံက ကွန်ပြူတာပညာရှင်တစ်ဦးဟာ သဏ္ဍာန်လုပ်သရုပ်တူဆိုသလို မစ္စတာဘင်းအဖြစ် ဖျော်ဖြေမှုတွေ ပေးနေရာက ထိုင်းနိုင်ငံက ဟာသရယ်ရွှင်ဖွယ်တွေကို ကြိုက်နှစ်သက်သူတွေကို စိတ်နှလုံးဖမ်းစားကာ တသောသော ရယ်မောနေစေသူဖြစ်ပါတယ်။

အသက် ၄၃ နှစ်ရှိတဲ့ ကလေးအဖေတစ်ဦးဖြစ်သူ မွန့်ကိုးပရီချာဂျန်ဟာ ဗြိတိန်ဟာသရုပ်ဆောင် ရိုဝန်အက်ကင်ဆန် သရုပ်ဆောင်ထားတဲ့ မစ္စတာဘင်း ဇာတ်ကောင်နဲ့ မခြား တုပနိုင်သူဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းက Thailand’s Got Talent မှာ ဝင်ပြိုင်ဖို့ လုပ်ခဲ့ရာကစပြီး လူသိသူသိ ဖြစ်လာခဲ့သူပါ။

မစ္စတာဘင်းအတိုင်း တစ်ထေရာတည်း သရုပ်ဆောင်ထားတဲ့ မွန့်ကိုးရဲ့ ယူကျု့ဗီဒီယိုဟာ ကြည့်ရှုသူ ငါးသန်းကျော်ခဲ့ပြီး မစ္စတာဘင်းကို အကြိုက်များကြတဲ့ ထိုင်းနိုင်ငံတွင်းမှာ မွန့်ကိုးကိုလည်း တစ်တန်းစားတည်း အားပေးလာကြပါတယ်။

ခုဆိုရင် မွန့်ကိုးဟာ ထိုင်းနိုင်ငံအတွင်း မစ္စတာဘင်းတစ်ဖြစ် ဟာသဇာတ်ကွက်တိုတွေနဲ့အတူ ခရီးလှည့်ဖျော်ဖြေသလို ဓာတ်ပုံများလည်း အရိုက်ခံနေပြီဖြစ်ပါတယ်။

ဗြိတိန်ရုပ်သံက ပြတဲ့ မစ္စတာဘင်း ပရိသတ်ဖြစ်လာတာကနေ သူ့အပေါ် စွဲလမ်းလာခဲ့တာဟာ ဆယ်ကျော်သက်အရွယ်တည်းက ဖြစ်ကြောင်း မွန့်ကိုးက ပြောပါတယ်။

ဒီလို စွဲလမ်းရူးသွပ်ရာကနေ မှန်ရှေ့မှာ မစ္စတာဘင်းအတိုင်း လိုက်တုပသရုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မွန့်ကိုးက ဆိုပါတယ်။

“တကယ် ခက်တယ်ဗျ။ မစ္စတာဘင်းက စကားတစ်ခွန်းမှ မပြောဘဲ သရုပ်ဆောင်တာလေ။ ဟန်အမူအယာနဲ့တင် အားလုံးကို တဟားဟား ရယ်စေအောင် သရုပ်ဆောင်နိုင်သူလေ။”ဟု မွန့်ကိုးက ပြောပါတယ်။

မစ္စတာဘင်းအတိုင်း တစ်သွေမတိမ်း တုပပြီး ထိုင်းပြည်သူတွေကို ရုပ်သံကနေ ဖျော်ဖြေနေရပြီဖြစ်တဲ့ မွန့်ကိုးဟာ ခုဆို ဖျော်ဖြေရေးစင်မြင့်သစ်အဖြစ် နိုင်ငံအနှံ့က အကျဉ်းထောင်တွေ မြှင့်တင်ပေးနိုင်ရေး စီမံကိန်းအားဖြင့်လည်း လိုက်လံဖျော်ဖြေမှု ပေးနေရပြီ ဖြစ်ပါတယ်။

နက်ခွန်နာယော့ပြည်နယ်က ရာပေါင်းများစွာသော အကျဉ်းထောင်သားတွေကို မွန့်ကိုးဟာ မကြာခင်ကမျှ ဖျော်ဖြေပေးခဲ့ရပါတယ်။

“တော်တော် ရယ်ရတယ်ဗျာ။ စိတ်ကို လန်းဆန်းသွားတာပဲ။”ဟု မွန့်ကိုးရဲ့ ဖျော်ဖြေမှုအပြီးမှာ အကျဉ်းသားတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags