သုံးလကျော်ကြာသည်အထိ ရခိုင်တွင် ကွမ်းစျေး မကျနိုင်သေး

သုံးလကျော်ကြာသည်အထိ ရခိုင်တွင် ကွမ်းစျေး မကျနိုင်သေး
ဓာတ်ပုံ - RiA

စစ်တွေ၊ ဖေဖော်ဝါရီ ၁၄ ရက်။     ။  ပုံမှန်အားဖြင့် တစ်ပိသာလျှင် ကျပ် ငါးထောင်ဝန်းကျင်သာ ရှိသည့် ကွမ်းရွက် ဈေးနှုန်းကို ကျပ် ၁၅၀၀၀ နှုန်းဖြင့် ပေးဝယ်နေရသည်မှာ သုံးလကျော် ကြာမြင့်လာပြီဖြစ်သည်ဟု ရခိုင်ပြည်နယ်၏ ကွမ်းရွက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများက ပြောသည်။

ကွမ်းရွက်စိုက်ပျိုးသူများ၏ ပြောကြားချက်အရ ဆောင်းရာသီကဲ့သို့ အအေးဓာတ်ပိုများသည့် အချိန်ကာလတွင် ကွမ်းရွက်များသည် ပျက်စီးတတ်ပြီး၊ စိုက်ပျိုးထုတ်လုပ်မှုတွင် ဆုံးရှုံးမှုများသဖြင့် ဈေးနှုန်း မြင့်တက်လေ့ ရှိသော်လည်း ပြည်နယ်အတွင်း စိုက်ပျိုးထုတ်လုပ်သူများနည်းပါးမှုပါ ရှိနေသောကြောင့် ပုံမှန် ဈေးကျချိန်ထက် နောက်ကျနေခြင်းဟု သိရသည်။

“အခုကွမ်းဈေးနှုန်းက အရင်ထက် ပိုတက်နေတယ်။ နောက်တစ်လနီးပါးလောက်ဆိုရင်တော့ ဈေးပြန် ကျလာနိုင်တယ်။ ရွက်နုပြန်လာပြီဆိုတော့ ဈေးက ကျလာဖို့ပဲရှိပြီ။ မကြာတော့ပါဘူး။ ဈေးနှုန်း ပုံမှန် အတိုင်း ဖြစ်တော့မယ် ”ဟု စစ်တွေမြို့မဈေးကြီးမှာ ကွမ်းပွဲစားလုပ်ကိုင်နေသူ ဦးသန်းထွန်းမောင်က ပြောသည်။

ကွမ်းရွက်ဈေးကွက်ဖြုန်းအားသည် မြန်မာနိုင်ငံ၏ အခြားမြို့နယ်များတွင် ကန်တော့ပွဲများနှင့် ဆေးဘက်ဝင် ပစ္စည်းအဖြစ် ထုတ်လုပ် အသုံးပြုမှုများအပြင် ကွမ်းယာစားသုံးသူများကို ပစ်မှတ်ထားရသော်လည်း ရခိုင်ပြည်နယ်၏ ကွမ်းဖြုန်းတီးမှု ပမာဏမှာ စားသုံးသူကိုသာ အဓိက ပစ်မှတ်ထားနေရကြောင်း ကွမ်းရောင်းချသူများကို မေးမြန်းမှုအရ သိရသည်။

ထိုသို့ ကွမ်းစားသုံးမှုအား အဓိကပြု ရောင်းချနေကြရသဖြင့်လည်း ဈေးနှုန်းမြင့်မားလာမှုသည် ကွမ်းယာ ရောင်းချသူများ၏ ဝင်ငွေကို ထိခိုက်စေလာသည်။

“အရင်ဆို တစ်နေ့ ငါးသိန်းဖိုးရောင်းရတယ်။ အခုက တစ်နေ့ သုံးသိန်းဖိုးလောက်ပဲ ရောင်းရတယ်။ ငါးရာဖိုးစားနေတဲ့ သူဟာ အခု နှစ်ရာဖိုးလောက်ပဲစားတယ်။ တစ်ထောင်ဖိုးစားနေတဲ့ သူဟာ ငါးရာဖိုးလောက်ပဲ စားတော့တယ်။ လုံးဝမစားတော့ဘဲ နေသွားတဲ့ သူတွေလဲရှိပါတယ်။”ဟု စစ်တွေမြို့ ရွှေလိပ်ပြာ ကွမ်းယာဆိုင်မှ မအေးစန္ဒာက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကွမ်းခင်းစိုက်ပျိုးသည့် လုပ်ငန်းကို ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောမြို့နယ် စသည့် မြို့နယ် ၃ ခုမှာသာ အဓိက လုပ်ကိုင်ကြသောကြောင့် ယင်းမြို့နယ်များက ထွက်သည့် ကွမ်းရွက်များကိုသာ ဈေးကွက်အတွင်း အဓိကထား ရောင်းချနေကြရသည်။

ယင်းအပြင် လွန်ခဲ့သည့် သုံးလခန့်မှ စတင်ကာ ကွမ်းရွက်များကို ရခိုင်မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောဒေသသို့ တင်ပို့နေရမှု များနေပြီး ရခိုင်ပြည်နယ်၏ ပြင်ပမြို့နယ်များမှ တင်သွင်းနိုင်ခြင်း မရှိသေးသဖြင့်လည်း ယခုလို ဒေသတွင်း ကွမ်းဈေးမြင့်မားနေရခြင်း ဖြစ်သည်ဟု ကွမ်းစိုက်ပျိုး ထုတ်လုပ်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly