ဖြိုးကိုကိုတင့်ဆန်းအမှု တရားလိုပြသက်သေနှင့် တရားလိုသက်သေ ကို စစ်ဆေး

ဖြိုးကိုကိုတင့်ဆန်းအမှု တရားလိုပြသက်သေနှင့် တရားလိုသက်သေ ကို စစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ။             ။ မူးယစ်ဥပဒေ၊ လက်နက်အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ စသည့် ပုဒ်မများဖြင့် စွဲတင်ထားသော ဖြိုးကိုကိုတင့်ဆန်းအမှုများမှ တရားလိုပြသက်သေနှင့် တရားလို သက်သေများကို ယနေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့သည်။

ယနေ့ ရုံးချိန်းတွင်း မူးယစ်ဆေးဝါးနှင့် အရေးယူထားသော အမှု နှင့် လက်နက်ဥပဒေနှင့် အရေးယူထားသော အမှုမှ တရားလိုပြသက်သေ ဗိုလ်ကြီး စိုးဇင် ရောက်မလာခဲ့၍ ဖေဖော်ဝါရီ ၂၁ ရက် ရုံးချိန်းတွင် အဆိုပါ အမှုများမှတရားလိုပြ သက်သေကို ထပ်မံ စစ်ဆေးသွားမည်ဟု ဒက္ခိဏခရိုင်တရားရုံးမှ ပြန်ကြားရေး အရာရှိ ဦးခင်မောင်ထွေးက ပြောသည်။

“ဒီနေ့ခေါ်တာ မလာလို့ အဲဒါက ရာဇဝတ်ကြီးမှု အမှတ် ၁၁၅/၂၀၁၈အဲ့တာ မူးယစ်ဆေးဝါးနဲ့ အရေးယူထားတဲ့ အမှု နောက်တစ်ခါ ၁၁၆/၂၀၁၈ အဲဒါ လက်နက်နဲ့ အရေးယူထားတဲ့ အမှုရယ် ၊ နောက်တစ်ခါ ရဲအုပ် စိုင်းအောင်စိုး ဦးရယ် ဒုရဲအုပ် ကျော်စိုးဝင်းရယ် ၊ သူတို့ နှစ်ယောက်ကိုကျတော့ ရာဇဝတ်ကြီးမှု အမှတ် ၁၁၅/၂၀၁၇ နောက်တစ်ခါ ၁၁၆/၂၀၁၇၊ ၆/၂၀၁၈၊ ၂/၂၀၁၈အဲ့မှုတွေမှာ စစ်ဖို့အတွက်ခေါ်ထားတာ” ဟု ၎င်းကပြောသည်။

ယနေ့ တရားခွင်သည် ၇ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး ၈ ကြိမ်မြောက် ရုံးချိန်းအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဒက္ခိဏသီရိ ခရိုင်တရားရုံးတွင် စစ်ဆေးသွားမည်ဖြစ်သည်။

ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော အမှုဖြင့် ၂မှု၊ လက်နက် ဥပဒေဖြင့် အမှု ၂မှု ၊ ဆက်သွယ်ရေးပုဒ်မဖြင့် ၂ မှု၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ၂ မှု၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဖြင့် ၁မှု၊ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ၁မှု၊ စသည့် အမှုများဖြင့် ဒက္ခိဏခရိုင် တရားရုံးတွင် စွဲတင်ထားသည်။

ထို့ပြင် အမှုနှင့် ဆက်စပ်သည့် တရားခံပြေး ၂မှုကိုလည်း တရားလို ရဲဘက်က တရားရုံးတွင် စွဲတင်ထားသည်။

လာမည့် ဖေဖော်ဝါရီ ၂၁ ရက် ၊ ၈ ကြိမ်မြောက် ရုံးချိန်းတွင် ရာဇဝတ်ကြီးမှု အမှတ် ၁၁၅/၂၀၁၈ဖြင့် ၊ လက်နက် မှု ၁၁၆/၂၀၁၈ ဖြင့် တရားလိုပြသက်သေ ဗိုလ်ကြီးစိုးဇင်ကို စစ်ဆေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly