ကူဝိတ်မှာ နိုင်ငံသားတွေ သွားရောက် အလုပ်လုပ်ကိုင်မှု ဖိလစ်ပိုင်တားမြစ်

ကူဝိတ်မှာ နိုင်ငံသားတွေ သွားရောက် အလုပ်လုပ်ကိုင်မှု ဖိလစ်ပိုင်တားမြစ်

ဖေဖော်ဝါရီ ၁၄ ။            ။ ပင်လယ်ကွေ့နိုင်ငံ ကူဝိတ်မှာ နိုင်ငံသားတွေ သွားရောက် အလုပ်လုပ်ကိုင်မှုအပေါ် ဖိလစ်ပိုင်အစိုးရက တားမြစ်ပိတ်ပင်ချက်တွေ တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ပင်လယ်ကွေ့နိုင်ငံမှာ အလုပ်သွားလုပ်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ နှိပ်စက်စော်ကားခံရမှုဖြစ်စဉ်တွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီးနောက် ယခုလို မနီလာအစိုးရဘက်က ပိတ်ပင်ချက်တွေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ကူဝိတ်နိုင်ငံမှာ နောက်ထပ် ဖိလစ်ပိုင်အလုပ်သမားတွေ အလုပ်သွားရောက်လုပ်ကိုင်မှုအပေါ် အစိုးရက လုံ့၀ ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ ယင်းပိတ်ပင်မှုထဲမှာတော့ လက်ရှိ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ရထားပြီး အဆိုပါ ပင်လယ်ကွေ့နိုင်ငံဆီ မထွက်ခွာသွားရသေးသူတွေအပေါ်မှာပါ အကျုံးဝင်လျက်ရှိတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ကာလအတွင်း ကူဝိတ်နိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ ဖိလစ်ပိုင်လုပ်သားတွေ နှိပ်စက်စော်ကားခံနေရမှု၊ လိင်စော်ကားခံနေရမှုတွေ ရှိနေတယ်ဆိုတဲ့သတင်းတွေကြောင့် သမ္မတ ရိုဒရီဂို ဒူတာတေး စိတ်ဆိုးဒေါသထွက်ပြီး ယခုလို ပိတ်ပင်ချက်ထွက်ရှိလာတာဖြစ်ပါတယ်။

ဖိလစ်ပိုင်အစိုးရရဲ့ အဆိုပါ ပိတ်ပင်ချက်အပေါ်မှာတော့ ကူဝိတ်အစိုးရက ပြစ်တင်သွားခဲ့ပါတယ်။  ဒါပေမယ့် ယခုကိစ္စကြောင့်တော့ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ထိခိုက်စေဖို့တော့မရှိဘူးလို့ ဆိုသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ကူဝိတ်မှာ သတ်မှတ်ကာလထက် ပိုနေထိုင်နေခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁၀,၀၀၀ ကျော်ကိုလည်းယခုအခါ အစိုးရအစီအစဉ်နဲ့ နေရပ်ကို ပြန်ခေါ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်ထိတော့ ကူဝိတ်မှာ အလုပ်လုပ်နေကြလျက်ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂၅၂,၀၀၀ ခန့်ရှိပြီး အများစုကတော့ အိမ်ဖော်တွေအဖြစ်လုပ်ကိုင်နေကြတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly