လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာအတွက် ပြင်ပအရပ်သား ၂ ဦးအား မကွေးဝန်ကြီးချုပ် အဆိုတင်သွင်း

လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာအတွက် ပြင်ပအရပ်သား ၂ ဦးအား မကွေးဝန်ကြီးချုပ် အဆိုတင်သွင်း

မကွေး ဖေဖော်ဝါရီလ ၁၄ ။             ။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာအတွက် ပြင်ပအရပ်သား ၂ ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တိုင်းဒေသကြီးလွှတ်တော်သို့ အဆိုတင်သွင်းမှုကို တိုင်းဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးနေရာနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနေရာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြုလာသည့် ဝန်ကြီးနှစ်ဦးမှာ မကွေးမြို့ အောင်မေတ္တာ(ခ)ရပ်ကွက် ၁၆လမ်း အမှတ်၁၆၆၆.၇ တွင်နေထိုင်သည့် ဦးအေးငွေ ၊ညွှန်ကြားရေးမှူး( ငြိမ်း၊ဆည်မြောင်း ) အသက်(၆၉)နှစ် နှင့်မကွေးမြို့ ကန်သာရပ် ကွက် D အုပ်စု ၈၄/ကန်သာ( ၁၆)လမ်းတွင် နေထိုင်သည့် ဦးအောင်ကျော်မိုးအသက်(၆၇)နှစ်  တွဲဖက်ပြည်နယ် ပညာရေးမှူး(ငြိမ်း) တို့ ဖြစ်သည်။

အဆိုပါနှစ်ဦးသည် ပါတီဝင်များမဟုတ်၊ လွှတ်တော်ကိုယ်စားလှယ်များမဟုတ်ဘဲ ပြင်ပမှပညာရှင်များသာ ဖြစ်ကြောင်းသိရကာ မည်သူ့ကို မည်သည့်နေရာလျာထားကြောင်း အတိအကျမထုတ်ပြန်သေးပေ။

ယင်းအဆိုပြုလာသည့် ဝန်ကြီးနှစ်ဦးနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင် လွှတ်တော်၌ ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်ဥက္ကဋ္ဌက ဖေဖော်ဝါရီလ(၁၅) ရက်နေ့ ရုံးချိန်အတွင်း အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြောကြားခဲ့သည်။

မကွေးမြို့ အောင်မေတ္တာ(ခ)ရပ်ကွက် ၁၆လမ်း အမှတ်၁၆၆၆.၇တွင်နေထိုင်သည့်  ဦးအေးငွေ ညွှန်ကြားရေးမှူး(  ငြိမ်း) ဆည်မြောင်းသည် သားတစ်ယောက်သမီးတစ်ယောက်ရှိပြီး ၎င်းတို့သည် အိမ်ထောင်သည်များဖြစ်၍ အိမ်ခွဲနေကြောင်း လက်ရှိတွင် ဦးအေးငွေတို့ဇနီးမောင်နှံသာနေ၍ စီးပွားရေးမှာ ပင်စင်စား၊ ကားနှစ်စီးအား ကုမ္ပဏီလုပ်ငန်းခွင်တွင်သွင်းထားကြောင်းပြောသည်။

"ကျွန်တော့ဆီကိုပြီးခဲ့တဲ့လက ကိုယ်ရေးအချက်အလက်တွေတောင်းတယ်။ ဝန်ကြီးနေရာကမ်းလှမ်းခဲ့တယ် ။ ကျွန်တော်လည်းလုပ်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။ ကျန်းမာနေသရွေ့အတတ်နိုင်ဆုံး မကွေးတိုင်းပြည်သူလူထု အတွက်အကောင်းဆုံး ဆောင်ရွက်သွားမှာပါ"ဟု ၎င်းကပြောသည်။

မကွေးမြို့ ကန်သာရပ် ကွက် D အုပ်စု ၈၄/ကန်သာ( ၁၆)လမ်းနေ  ဦးအောင်ကျော်မိုးသည် ယောက္ခမ၊ မရီး၊ သားတစ်ယောက်တို့နှင့်အတူနေထိုင်ပြီး ပင်စင်စားတစ်ဦးဖြစ်ကြောင်းပြောသည်။

"ပြီးခဲ့တဲ့လကကျွန်တော့ဆီကိုယ်ရေးအချက်အလက်တောင်းပါတယ် ။ ဘာအတွက်မှန်း ပထမက မသိခဲ့ပါဘူး။ နောက်မှဝန်ကြီးနေရာဆိုတာသိတာပါ ။ ယုံကြည်လို့တာဝန်ပေးရင်တိုင်းပြည်နဲ့ပြည်သူ လူထုအတွက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဆောင်ရွက်သွားမှာပါ" ဟု ဦးအောင်ကျော်မိုး ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီး ဦးနေမျိုးကျော် နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်တို့သည် ဇန်နဝါရီ လ (၅)ရက်နေ့က ဝန်ကြီးနေရာမှ နှုတ်ထွက်စာတင်ခဲ့ပြီး ဇန်နဝါရီလ (၁၀)ရက်နေ့က သမ္မတရုံးမှခွင့်ပြုပေးခဲ့ရာ လစ်လပ်နေသည့်ဝန်ကြီးနှစ်ဦးနေရာတွင် တစ်လကျော်အကြာ၌ တိုင်းအစိုးရမှတိုင်းလွှတ်တော်သို့ အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required