အသက် ၁၀၆ နှစ်ရှိပြီဖြစ်ပေမယ့် ၀ါသနာပါရာ စက်ဘီးစီးအလုပ်ကို မစွန့်လွှတ်နိုင်သေးဘဲဖြစ်နေတဲ့ ပြင်သစ်နိုင်ငံက ဘိုးဘိုး

အသက် ၁၀၆ နှစ်ရှိပြီဖြစ်ပေမယ့် ၀ါသနာပါရာ စက်ဘီးစီးအလုပ်ကို မစွန့်လွှတ်နိုင်သေးဘဲဖြစ်နေတဲ့ ပြင်သစ်နိုင်ငံက ဘိုးဘိုး

ဖေဖော်ဝါရီ ၁၄ ။            ။ ပြင်သစ်နိုင်ငံက အသက် ၁၀၆ နှစ်အရွယ် ရောဘတ် မာချန် ဆိုသူ စက်ဘီးစီးသမား ဘိုးဘိုးတစ်ဦးကတော့ အသက်အရွယ် အိုမင်းရင့်ရော်လာနေပြီ ဖြစ်ပေမယ့် ၎င်းရဲ့ စက်ဘီးစီးတဲ့ အလုပ်ကို ခုထက်ထိ မစွန့်လွှတ်နိုင်သေးဘဲဖြစ်နေတယ်လို့ သိရပါတယ်။

အသက်အရွယ်ကြီးရင့်နေတာနဲ့အမျှ စက်ဘီးစီးတဲ့ အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့် အဘိုးအို မာချန်ကတော့ ကမ္ဘာတစ်ဝှမ်းက ၎င်းအပေါ် ချစ်ခင်သူတွေရဲ့ အားပေးချီးမြှောက်မှုတွေကို ရရှိထားခဲ့ပါတယ်။

စက်ဘီးစီးရင်းနဲ့ စံချိန်ပေါင်း အများအပြားကိုလည်း တင်ထားနိုင်ခဲ့ပြီးနောက် အဘိုးအို မာချန်ဟာ စက်ဘီးစီးရာကနေ အနားယူလိုက်ပြီဆိုပြီး ပြီးခဲ့တဲ့ကာလတုန်းက သတင်းတွေထွက်လာခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ အနောက်တောင်ပိုင်းက အားကစားရုံတစ်ခုမှာ အဘိုးအို မာချန်ဟာ စက်ဘီးစီးတဲ့အလုပ်ကို ထပ်လုပ်ပြသွားခဲ့ပြန်ပါတယ်။

ယင်းနေ့ကတော့ အဘိုး မာချန်ဟာ နောက်ထပ် လေးကီလိုမီတာ အကွာအဝေးနှုန်းကို စီးပြသွားနိုင်ခဲ့ပါတယ်။

အဘိုး မာချန်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ ပါရီမြို့အနောက်ပိုင်းက စက်ဘီးစီး အားကစားရုံတစ်ခုမှာ ကီလိုမီတာ ၂၂ ဒသမ ၅၄၇ ( ၁၄ မိုင်) အကွာအဝေးနှုန်းထားကို တစ်နာရီအတွင်းမှာပဲ စီးပြထားနိုင်ခဲ့ပါတယ်။

ဒါဟာ အဘိုးမာချန်လိုမျိုး အသက် ရာကျော် အသက်အရွယ်အပိုင်းအခြားထဲမှာတော့ သူဟာ စံချိန်သစ်တစ်ခု တင်လိုက်နိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်တုန်းကဆိုရင်လည်း သူဟာ တစ်နာရီအတွင်းမှာပဲ ၂၆ ဒသမ ၉၂၇ ကီလိုမီတာအကွာအဝေးကို စက်ဘီးစီးပြနိုင်ခဲ့ပြီး စံချိန်တင်ထားနိုင်ခဲ့ပါသေးတယ်။

" သူ့ကို ကြည့်ပေးနေတဲ့ ဆရာဝန်ကိုယ်တိုင်ကိုယ်က ဒီလို အရမ်းအားထုတ်ရတဲ့ အလုပ်မျိုးကို သူ့ကို မလုပ်စေချင်တော့ပါဘူး၊ ဒါပေမယ့် သူ ဒါကို လုံးလုံးမစွန့်လွှတ်နိုင်သေးပါဘူး" ဆိုပြီး အဘိုး မာချန်ရဲ့ အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ခရစ်စ်တီယန် ဘိုချာ့ဒ်က ပြောပါတယ်။

ဒါပေမယ့် အဘိုးမာချန်ကတော့ အသက်ရာကျော်နေပြီဖြစ်ပေမယ့်လည်း စက်ဘီးစီးခြင်းကနေ လုံ့ဝအနားယူဖို့အစီအစဉ် ရှိပုံမရသေးဘဲ သက်တောင့်သက်သာ စီးရတဲ့ အားထုတ်မှုမျိုးကို ဆက်လက်ကြိုးပမ်းသွားဖို့ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly