ဖေဖော်ဝါရီ ၁၄ ။ ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့ ၊ အေးငြိမ်းရာဘာသာပေါင်းစုံသုသာန်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အကျွတ်အလွတ်ပွဲတော်တတိယညအဖြစ် မကျွတ်မလွတ်သေးသူများကို အစားအသောက် ကျွေးမွေးခြင်းအလှူ ဒါနပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
"တကယ်တော့ ပရလောကမှာ မကျွတ်မလွတ်သေးတဲ့ ပုဂ္ဂိုလ် အားလုံးဟာ အမေ့ခံတွေ ။ အဲဒီအမေ့ခံတွေအတွက် ကျွန်တော်တို့က ဒီလိုမျိုး တစ်နှစ်တစ်ကြိမ်ကျင်းပ ပြုလုပ်ပေးခြင်းအားဖြင့် သူတို့တွေ ကျွတ်လွတ်ကြမှာ"ဟု ပွဲစီစဉ်သူ ဦးမင်းမင်းထွန်းက ပြောသည်။
အကျွတ်အလွတ်ပွဲ ပထမ နှင့် ဒုတိယ နေ့ များဖြစ်သော ဖေဖော်ဝါရီ ၁၁ ရက် နှင့် ၁၂ ရက်များ တွင် အထူးတရားပွဲများပြုလုပ်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၉ နာရီတွင် ပင့်သံဃာ အပါး၂၀ မှ သီလပေးတရားများဟောကြားခဲ့ပြီး သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်ခဲ့ကြသည်။
ထို့နောက် ည ၆ နာရီတွင် သတ်မှတ်ထားသောနေရာ၌ အမှောင်ချကာ သုသာန်စောင့်မြေဖုတ်ဘီလူးများနှင့် မကျွတ်မလွတ်သေးကြသူများအား ထမင်း ၊ ပဲဟင်း ၊ အမဲသားဆီပြန်ဟင်း ၊ သောက်ရေတို့ဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
သုသာန်မှ အုတ်ဂူများတွင်လည်း ဖယောင်းတိုင်မီးများ ၊ အမွေးတိုင်များ ထွန်းညှိပေးထား ပြီး ပွဲတော်အတွင်း ထူးခြားချက်များစွာရှိခဲ့သည်ဟု ပွဲစီစဉ်သူများက ပြောသည်။
ယင်းအစီအစဉ်ကို အေးငြိမ်းရာသုသာန် မီးသဂြို ၤလ်စက်ကြီးကြပ်မှု ကော်မတီက ဦးဆောင်ကာ မြို့မိမြို့ဖများ ထည့်ဝင်လှူ ဒါန်းငွေဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းငွေကျပ်သိန်း ၅၀ ခန့်ကုန်ကျသည်ဟုသိရသည်။
၎င်း အကျွတ်အလွတ်ပွဲသည် ပြည်မြို့တွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။