SME လုပ်ငန်းများအတွက် ငွေကြေးမတည်ရေး နယ်သာလန်ဘုရင်မက အင်ဒိုနီးရှားသမ္မတနှင့် ဆွေးနွေး

SME လုပ်ငန်းများအတွက် ငွေကြေးမတည်ရေး နယ်သာလန်ဘုရင်မက အင်ဒိုနီးရှားသမ္မတနှင့် ဆွေးနွေး

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၄ ။             ။ အင်ဒိုနီးရှားနိုင်ငံအတွင်းက အသေးစားနှင့် အလတ်စားလုပ်ငန်းများ SME တွင် ငွေကြေးမတည်ရေးအတွက် အလည်အပတ် ရောက်ရှိနေသည့် နယ်သာလန်ဘုရင်မက အင်ဒိုနီးရှားသမ္မတနှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လယ်သမားများနှင့် ဆိုင်ကယ်ကယ်လီသမားများနှင့်လည်း တွေ့ဆုံခဲ့သည့် နယ်သာလန်ဘုရင်မ မက်စီမာ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း တရားဝင်ဘဏ်အကောင့် ဖွင့်လှစ်ကိုင်ဆောင်နိုင်သူ ၇၅ ရာခိုင်နှုန်း ရှိရမည်ဆိုသော ရည်မှန်းချက် ပြည့်မီမည့် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေသည်ဟု သတင်းထောက်များအား ပြောခဲ့ကြောင်း ဂျကာတာရှိ နယ်သာလန်သံရုံးက တွစ်တာတွင် ထုတ်ပြန်သည်။

ဘုရင်မ မက်စီမာသည် ၂၀၀၉ ခုနှစ်အတွင်းက ၎င်းလက်ခံရရှိထားခဲ့သည့် ရာထူးဖြစ်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဖွံ့ဖြိုးရေးဘဏ္ဍာငွေမတည်မှု အထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်ကြောင်း တော်ဝင်နန်းတော်က သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှား နည်းပညာနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သော Go Jek သို့လည်း ဘုရင်မက သွားရောက်လည်ပတ်ခဲ့ကာ ယင်းနေရာတွင် ဆိုင်ကယ်ကယ်လီသမားများနှင့် တွေ့ဆုံ၍ ရင်းနှီးစွာ ယှဉ်တွဲဓာတ်ပုံရိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်က ဆူမတြားရှိ လမ်ပန်းပြည်နယ်သို့ ဘုရင်မ မက်စီမာက သွားရောက်လည်ပတ်ခဲ့ကာ လယ်မြေအနည်းငယ်သာ ပိုင်ဆိုင်သော လယ်သမားများနှင့် ဘဏ္ဍာရေးဝန်ဆောင်ပေးမှုနှင့် အထွက်နှုန်း မြင့်မားရေးတို့ကို ဆွေးနွေးခဲ့သည်။

သုံးရက်တာ အင်ဒိုနီးရှားသို့ အလည်အပတ်ရောက်ရှိသော ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၁၃ ရက် နောက်ဆုံးရက်တွင် ဘုရင်မ မက်စီမာက အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးနှင့် အခြားသော အစိုးရဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။

နယ်သာလန် ဘုရင်မသည် အင်ဒိုနီးရှားသို့ ယခုခရီးစဉ်လာရောက်မှုသည် သုံးကြိမ်မြောက် ခရီးစဉ်ပဲဖြစ်ပြီး ၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်များကလည်း လာရောက်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly