တောင်အာဖရိကသမ္မတ ဇူးမားအား ရာထူးကနေ ဖယ်ရှားဖို့ အာဏာရပါတီ ဆုံးဖြတ်

တောင်အာဖရိကသမ္မတ ဇူးမားအား ရာထူးကနေ ဖယ်ရှားဖို့ အာဏာရပါတီ ဆုံးဖြတ်

ဖေဖော်ဝါရီ ၁၄ ။            ။ တောင်အာဖရိကနိုင်ငံမှာ ခြစားမှု မကောင်းသတင်းထွက်နေတဲ့ သမ္မတ ဂျက်ကော့ဘ် ဇူးမားကို ရာထူးကနေ နှုတ်ထွက်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အာဏာရ ANC ပါတီက အတည်ပြုထားပါတယ်။

ဒါပေမယ့်လည်း ဇူးမားကို ဘယ်နေ့ ဘယ်ရက် နောက်ဆုံးထားပြီး ရာထူးကနေ ဆင်းပေးရမယ်ဆိုပြီး သတ်မှတ်ထားခြင်း မရှိသေးဘူးလို့ အဆိုပါ ပါတီက ပြောပါတယ်။

ယခု လက်ရှိအခြေအနေအရတော့ အာဏာရပါတီရဲ့ ဆုံးဖြတ်ချက်အပေါ် သမ္မတ ဇူးမားဘက်က ဘယ်လိုဘယ်ပုံ ပြန်လည်တုန့်ပြန်လာမလဲဆိုတာနဲ့ပတ်သက်လို့ မတင်မကျ အခြေအနေရှိနေပြီး ပြည်သူတွေဘက်ကတော့ ရင်တမမ ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဇူးမားအနေနဲ့ကတော့ ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပြန်လည် တုန့်ပြန်လာဖို့ ရှိနေတာနဲ့အတူ ယင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှု အခြေအနေကလည်း ပိုမို အရှိန်မြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

တကယ်လို့ ဇူးမားအနေနဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ရာထူးကနေ ဆင်းမပေးဘဲ တင်းခံနေခဲ့မယ်ဆိုရင်တော့ ပါလီမန်လွှတ်တော်အတွင်း ၎င်းကို အယုံမကြည်မရှိအဆိုတင်သွင်းမှုနဲ့အတူ ဖြုတ်ချခံရနိုင်တယ်လို့လည်း ရှိနေပါတယ်။

ဒါပေမယ့် ဇူးမားအနေနဲ့ကတော့ လက်ရှိအချိန်မှာ ရာထူးနှုတ်ထွက်ပေးဖို့အတွက် မူအားဖြင့်တော့ သဘောတူထားပေးတယ်လို့ အာဏာရပါတီ အတွင်းရေးမှူးချုပ် အက်စ် မာဂါရှုလီက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပဖို့ ရှိနေတဲ့ အစိုးရအဖွဲ့ အစည်းအဝေးကိုလည်း အကန့်အသတ်မရှိ နောက်ဆုတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ အကျင့်ပျက်ခြစားမှု မကောင်းသတင်း ထွက်နေတဲ့ သမ္မတ ဇူးမားနဲ့ အာဏာရပါတီ အကြီးအကဲသစ်ဖြစ်တဲ့ ဆိုင်ရီ ရာမာဖိုဆာ တို့အကြား ပါဝါအားပြိုင်မှုက ပြင်းထန်နေလျက်ရှိပါတယ်။

အာဏာရပါတီ အကြီးအကဲသစ်ဖြစ်တဲ့ ဆိုင်ရီ ရာမာဖိုဆာ ကတော့ ဇူးမားရဲ့ နေရာကို ဆက်ခံမယ့်သူ ဖြစ်လာမယ်လို့လည်း ယုံကြည်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags