အမေရိကန်ရှိ ပြည်နယ်နှစ်ခု၌ ဗုံးထောင်ခဲ့သူကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်

အမေရိကန်ရှိ ပြည်နယ်နှစ်ခု၌ ဗုံးထောင်ခဲ့သူကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်

နယူးယောက်၊ ဖေဖေါ်ဝါရီ ၁၄ ။             ။ အမေရိကန်နိုင်ငံရှိ ပြည်နယ်နှစ်ခု၌ အသေးစားဗုံးနှစ်လုံးထောင်ခဲ့သည့် နယူးဂျာစီပြည်နယ်သားတစ်ဦးကို တရားသူကြီးက အင်္ဂါနေ့၌ ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးခဲ့ပြီး ထိုသူ၏လုပ်ရပ်ကြောင့် မည်သူမှ သေဆုံးခဲ့ခြင်းမရှိသည်မှာ ကံကောင်းသည်ဟု ပြောဆိုခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံဖွား အမေရိကန်နိုင်ငံသားဖြစ်သူ အာမက်ခန်းရာဟီမီသည် ပေါင်းအိုးတစ်လုံးအပါအဝင် အခြားပစ္စည်းများကို အသုံးပြု၍အသေးစားဗုံးများထောင်ခဲ့ခြင်းဖြစ်ပြီး သူ၏လုပ်ရပ်အတွက် နောင်တရခြင်းမရှိ သလို သူ၏လုပ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ လူပေါင်း ၃၀ခန့်ကို တောင်းပန်ဖို့ပျက်ကွက်ခဲ့ခြင်းကြောင့် အစိုးရရှေ့နေနှင့် လူအများက သူ့အား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။

အာမက်ခန်းရာဟီမီသည် လွန်ခဲ့သော ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်းတွင် ပေါင်းအိုးနှစ်လုံးနှင့်ပြုလုပ်ထားသော အသေးစားဗုံးနှင့် အခြားဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်လာပြီး သူ၏နေအိမ်မှ ထွက်ခွာကာ ပြည်နယ်နှစ်ခု၌ ဗုံးထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားသူကြီးရစ်ချက်ဘားမန်းက အသက် ၃၀ ရှိပြီဖြစ်သည့် ရာဟီမီသည် အန္တရာယ်ရှိသောလူတစ်ဦးဖြစ် ကြောင်း ထင်ရှားသည့်အပြင် သူ၏ပြစ်မှုအတွက် နောင်တရခြင်းမရှိသောကြောင့် သူ့ကိုတစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

နယူးဂျာစီပြည်နယ်နှင့် နယူးယောက်ပြည်နယ်မှ နယူးယောက်မြို့ရှိ ချဲလ်ဆီးလူနေရပ်ကွက်၌ဖြစ်ပွားခဲ့သော ရာဟီမီ၏ ဗုံးခွဲတိုက်ခိုက်မှုတို့ကြောင့် လူပေါင်း ၃၀ ခန့်ဒဏ်ရာရရှိခဲ့ပြီး သူ့ကိုရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သူသည် သေနတ်ဒဏ်ရာများရရှိခဲ့သော်လည်း အသက်မသေခဲ့သလို သူ၏လုပ်ရပ် ကြောင့် ရဲအရာရှိအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရာဟီမီ၏ ရှေ့နေဖြစ်သူ ဇာဗီးယားဒေါ်နယ်ဆန်က သူနှင့်သူ၏အမှုသည်သည် တရားသူကြီး၏အမိန့်ကို ရုတ်သိမ်းပေးဖို့ အယူခံဝင်သွားမည်ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly