အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် ဂွာတီမာလာသမ္မတဟောင်း အဖမ်းခံရ

အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် ဂွာတီမာလာသမ္မတဟောင်း အဖမ်းခံရ

ဂွာတီမာလာစီးတီး၊ ဖေဖေါ်ဝါရီ ၁၄ ။              ။ ဂွာတီမာလာသမ္မတဟောင်းဖြစ်သူ အယ်လ်ဗာရိုကိုလ်လွန်မ်နှင့် Oxfam အပြည်ပြည်ဆိုင်ရာပရဟိတအဖွဲ့ အစည်း၏ လက်ရှိဥက္ကဌဖြစ်သူအပါအဝင် သူ၏အစိုးရအဖွဲ့မှ အဖွဲ့ဝင်ဟောင်း ၁၀ဦးခန့်ကို အကျင့်ပျက်ခြစား မှုစွပ်စွဲချက်ဖြင့် ဂွာတီမာလာအာဏာပိုင်များက အင်္ဂါနေ့၌ဖမ်းဆီးခဲ့သည်။

ဂွာတီမာလာကို လွန်ခဲ့သော ၂၀၀၈ မှ ၂၀၁၂ ခုထိအုပ်ချုပ်ခဲ့သော အသက် ၆၆ နှစ်အရွယ်ရှိ ကိုလ်လွန်မ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ဟွမ်ဖရန်စ္စကိုဆန်ဒိုဗယ်လ်ကိုယ်တိုင် ဦးဆောင်၍ သူ၏နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာအရှုပ်အရှင်းများနှင့် ခေါင်းပုံဖြတ်မှုများရှိနေသည်ဟု စွပ်စွဲခံနေရသည့် Oxfam အပြည်ပြည်ဆိုင်ရာပရဟိတအဖွဲ့၏ လက်ရှိဥက္ကဌလည်းဖြစ်သူ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟွမ်အယ်လ်ဘာတို ဖွန်တက်စ်နိုက်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဂွာတီမာလာနိုင်ငံတွင်း အဂတိလိုက်စားမှုနှင့် Oxfam ပရဟိတအဖွဲ့အတွင်း စွပ်စွဲခံထားရသည့် အရှုပ်အရှင်းများကြား မည်ကဲ့သို့ဆက်စပ်မှုရှိနေကြောင်းကိုမူ တာဝန်ရှိသူများဘက်မှ ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

သမ္မတဟောင်းကိုလ်လွန်မ်နှင့် သူ၏ အစိုးရအဖွဲ့ဟောင်းမှ ဝန်ကြီးဟောင်းများကို ဖမ်းဆီးထားရခြင်းမှာ သယ်ယူ ပို့ဆောင်ရေးစနစ်အတွင်း အဂတိလိုက်စားခဲ့မှုကြောင့်ဖြစ်သည်။

သူ့အား ဂွာတီမာလာစီးတီးရှိ တရားရုံးသို့ခေါ်ဆောင်လာစဉ်တွင် ကိုလ်လွန်မ်က သူသည်အပြစ်မရှိကြောင်း သတင်းထောက်များကို အခိုင်အမာပြောဆိုခဲ့သည်။

“အကြောင်းရင်းမယ်မယ်ရရမရှိပဲ အခုလိုလှန်လှောပြီး စွပ်စွဲတာလို့ ကျနော့်ဘက်ကယူဆပါတယ်။ ကျနော်တို့ လုပ်ကိုင်ခဲ့သမျှအားလုံး တရားဝင်တွေချည်းပါပဲ။ ကျနော်တို့လုပ်ကိုင်ခဲ့သမျှဟာ မှန်ကန်တယ်လို့ ကျနော် ယုံကြည်မှုရှိပါတယ်” ဟု ကိုလ်လွန်မ်က ပြောခဲ့သည်။

ကိုလ်လွန်မ်နှင့် သူ၏ဝန်ကြီးဟောင်းများ၏အမှုကို တရားသူကြီးရှေ့မှောက်တွင် ကြားနာမည်ဖြစ်ပြီး ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် သူ၏အမှုအား ဆက်လက်တရားရင်ဆိုင်ရန်သင့်မသင့်ကို တရားသူကြီးကဆုံးဖြတ်ချက်ပေး မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly