သဘောထားကြီးမှုရှိရှိနဲ့ ထိုးစစ်ဆင်မှုတွေ အမြန်ဆုံးရပ်စဲပါလို့ မွန်ပြည်သစ်ပါတီ တိုက်တွန်း

သဘောထားကြီးမှုရှိရှိနဲ့ ထိုးစစ်ဆင်မှုတွေ အမြန်ဆုံးရပ်စဲပါလို့ မွန်ပြည်သစ်ပါတီ တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၈ခုနှစ်)။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ရေးအတွက် ယခုထက် ပိုမို ကြိုးပမ်းသွားရန်၊ စိတ်ရှည်ရှည်ထားပြီး ဆွေးနွေးအဖြေရှာရန်နှင့် သဘောထားကြီးမှုရှိပြီး ထိုးစစ်ဆင်မှုများ အမြန်ဆုံးရပ်စဲရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ယနေ့ လက်မှတ်ရေးထိုးလိုက်သည့် မွန်ပြည်သစ်ပါတီ(NMSP)က တိုက်တွန်းပြောကြားလိုက်သည်။

“နိုင်ငံတော်အကြီးအကဲတွေ၊ တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ စိတ်ရှည်ရှည်ထားပြီး အားလုံးပါဝင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ဒီ့ထက် ဆတိုး အားထုတ်ပေးပါ။ သဘောထားကြီးမှု ရှိရှိနဲ့ ထိုးစစ်ဆင်မှုတွေကို အမြန်ဆုံးရပ်စဲပါလို့ တိုက်တွန်းပါရစေ” ဟု မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောသည်။

နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် NCA စာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် နိုင်ထောမွန်က ထိုသို့ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသားများအနေဖြင့် သမိုင်းကြောင်းအတွေ့အကြုံအရ စိုးရိမ်မှုနဲ့ သံသယစိတ်များ ရှိနေသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်လိုစိတ် ရှိကြကြောင်းနှင့် ငြိမ်းချမ်းရေးကို ခိုင်မြဲစေချင်ကြောင်း နိုင်ထောမွန်က ပြောကြားသည်။

“ဘယ်သူမှ နောက်ချန်မနေချင်သလို ဖျက်မြင်း မဖြစ်ချင်ကြပါဘူး။ ပြည်တွင်းစစ်ဒဏ်ကို တကယ်နာကျင်ခံစားခဲ့ကြသူတွေ၊ ခံစားနေရဆဲ ဖြစ်သူတွေမို့ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးကို ခိုင်မြဲစေချင်ကြပါတယ်” ဟု ၎င်းက ဆိုသည်။

NCA သည် ပန်းတိုင်မဟုတ်ဘဲ နိုင်ငံရေးပြဿနာကို အဖြေရှာမည့် လမ်းကြောင်းတစ်ရပ်သာ ဖြစ်သည်ဟုလည်း NLD အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် NCA လက်မှတ်ရေးထိုးလိုက်သည့် မွန်ပြည်သစ်ပါတီက ၎င်းတို့၏ သဘောထားရပ်တည်ချက်ကို ပြောဆိုခဲ့သေးသည်။

“ကျွန်တော်တို့ ကိုယ်လွတ်မရုန်းပါဘူး။ သစ္စာမမဲ့ပါဘူးဆိုတာ အခိုင်အမာ ပြောပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ပေးဆပ်ခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးသမားတွေ အားလုံးကို တိုင်တည် သစ္စာဆိုပါတယ်။ ဒါဟာ ကျင့်ဝတ်အရ သစ္စာပြုတာဝန်ခံမှုသာမက နိုင်ငံရေးအရလည်း တိုင်းရင်းသားတွေအားလုံး အကျိုးမခံစားဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိဘဲ NCA လက်မှတ်ထိုးရုံနဲ့ ပြီးပြည့်စုံမယ်လို့ မျှော်လင့်မထားဘူး” ဟု နိုင်ထောမွန်က ပြောသည်။

မွန်ပြည်သစ်ပါတီ NCA လက်မှတ် ရေးထိုးခြင်းသည် မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားတို့အတွက် အောင်ပွဲဖြစ်သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မှတ်ချက်ပြုသည်။

“မွန်ပြည်သစ်ပါတီကော၊ အစိုးရအဖွဲ့ကော၊ လူထုတွေကော၊ တပ်မတော်ကော အကုန်ပေါင်းပြီးတော့ အရင်ကထက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပိုပြီးတော့ အရှိန်အဟုန်နဲ့ လုပ်နိုင်မှာ သေချာပါတယ်” ဟု ဒေါက်တာအေးဇံက ပြောသည်။

ယနေ့ NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် အဖွဲ့အစည်းများအပြင် နိုင်ငံခြားသံတမန်များလည်း  တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags