ကွန်မြူနစ်ရဲမေများ၏ သားအိမ်နေရာကို ပစ်ခတ်ရန် စစ်သားများအား အမိန့်ပေးခဲ့၍ ဒူတာတေး ရှုတ်ချခံရ

ကွန်မြူနစ်ရဲမေများ၏ သားအိမ်နေရာကို ပစ်ခတ်ရန် စစ်သားများအား အမိန့်ပေးခဲ့၍ ဒူတာတေး ရှုတ်ချခံရ

 

မနီလာ၊ ဖေဖော်ဝါရီ ၁၃ ။       ။ ကွန်မြူနစ်သူပုန်ရဲမေများ၏ သားအိမ်နေရာအား ပစ်ခတ်ရန် စစ်သားများအား အမိန့်ပေးထားသည်ဟု ဒူတာတေးက မှတ်ချက်ပြုပြောကြားခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် လူ့အခွင့်အရေးအုပ်စုများက ပြင်းထန်စွာ ဝေဖန်ရှုတ်ချခြင်းကို ခံနေသည်။

ဒူတာတေး၏ အထက်ပါစကားသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးဥပဒေကို ချိုးဖောက်သည့် လိင်အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုရာရောက်ကြောင်း လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။

“ဒူတာတေးရဲ့ စကားဟာ အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ဖိတ်ခေါ်ရာရောက်ပြီး အန္တရာယ်များတဲ့ စကားပါပဲ။”ဟု အမျိုးသမီးအခွင့်အရေးအုပ်စုတစ်ရပ်ဖြစ်သည့် Gabriela မှ အတွင်းရေးမှူး ဂျုံဆယ်ဗာဒေါက အေပီသတင်းဌာနသို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောသည်။

တစ်ချိန်တည်းတွင် လက်ဝဲယိမ်း Karapatan အုပ်စုမှလည်း သမ္မတဒူတာတေးသည် သူ့ကိုယ်ကို နိုင်ငံတကာ လူ့အခွင့်အရေးများကို အဆိုးဆုံး ချိုးဖောက်ရန် နှိုးဆော်သူ ၊ ဖက်ဆစ်စိတ်မကင်းသူအဖြစ် လှစ်ပြလိုက်ခြင်း ဖြစ်သည်ဟု ဝေဖန်လိုက်သည်။

ဒူတာတေး၏ အဆိုပါ မှတ်ချက်ပြုစကားသည် လက်နက်ချသော ကွန်မြူနစ်သူပုန်များ၏ ရှေ့မှောက်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒူတာတေး၏ အမျိုးသမီးမုန်းတီးရေး၊ နိမ့်ကျရိုင်းစိုင်းမှု စသည့် ပြောစကားများမှ နောက်ဆုံးစကားတစ်ခွန်းဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျုးလွန်အောင် အစိုးရတပ်များအား အားပေးအားမြှောက်ပြုလိုက်ခြင်းပင် ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly