တောင်ကိုရီးယားအရှုပ်တော်ပုံကိစ္စ သမ္မတဟောင်းပက်ဂွမ်ဟေး၏ လူယုံတော် ထောင်ဒဏ် နှစ် ၂၀ ကျ

တောင်ကိုရီးယားအရှုပ်တော်ပုံကိစ္စ သမ္မတဟောင်းပက်ဂွမ်ဟေး၏ လူယုံတော် ထောင်ဒဏ် နှစ် ၂၀ ကျ

 

ဖေဖော်ဝါရီ ၁၃ ။                   ။ တောင်ကိုရီးယားတွင် သမ္မတဟောင်း ပက်ဂွမ်ဟေး ရာထူးကနေ ဖြုတ်ချခံလိုက်ရသည့် ခြစားမှုအရှုပ်တော်ပုံကိစ္စတွင် အဓိကနေရာကနေ ပါဝင်ခဲ့သူတစ်ဦးကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် တရားရုံးက ထောင်ဒဏ်ချမှတ်စီရင်လိုက်ပြီ ဖြစ်သည်။

သမ္မတဟောင်း ပက်၏ အနီးကပ်ဆုံး လူယုံဖြစ်သည့် ချွိုင်ဆွန်စီးလ်အား အရှုပ်တော်ပုံကိစ္စတွင် သူမ၏ ပါဝင်ပတ်သက်ခဲ့မှုနှင့်စပ်လျင်း၍ ယခုအခါ တရားရုံးက ထောင်ဒဏ်အနှစ် ၂၀ ထိ ချမှတ်လိုက်သည်။

ဖခင်ဖြစ်သူကနေတဆင့် ပက်၏ လူယုံတော်ဖြစ်လာခဲ့သည့် ချွိုင်ဆွန်စီးလ် အဓိက ကြိုးကိုင်ခြယ်လှယ်ခဲ့သော ယမန်နှစ် အဆိုပါ အရှုပ်တော်ပုံကိစ္စကြောင့် အာရှစတုတ္ထမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံတွင် အကြီးအကျယ် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အဆုံးပိုင်းတွင် သမ္မတ ပက်ကိုယ်တိုင်လည်း ရာထူးကနေ ပြုတ်ကျသွားခဲ့ရသည်။

ယခု တရားရုံး အမှုစီရင်မှုတွင် ချွိုင်ကို အာဏာအလွဲသုံးစားမှု၊ လာဘ်ယူမှု၊ အစိုးရ လုပ်ငန်းထဲတွင် ဝင်ရောက်ခလောက်ဆန် ခြယ်လှယ်မှုတို့ ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိဆုံးဖြတ်ခဲ့သည်။

အဆိုပါ အရှုပ်တော်ပုံကိစ္စတွင် သမ္မတ ပက်ကိုယ်တိုင်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရလျက်ရှိပြီး ယခုအခါ သူမ၏ လူယုံ ချွိုင်ဆွန်စီးလ်အား ဦးစွာ စီရင်ချက်ချလိုက်ခြင်း ဖြစ်သည်။

ယခုကိစ္စတွင် ချွိုင်သည် နိုင်ငံ၏ အင်အားကြီးကုမ္ပဏီကြီးများဖြစ်သော Samsung နှင့် Lotte တို့ထံမှ လာဘ်ငွေ ဒေါ်လာ ၁၃ သန်းအထိ လက်ခံရယူထားကြောင်းကို တွေ့ရှိရသည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly