ဆိုးရွားသည့်ဝေဖန်ချက်များရရှိသော်လည်း ဂျက်စတင်တင်ဘာလိတ်ခ်၏အယ်လ်ဘမ် Billboard ဇယား၌ ဦးဆောင်

ဆိုးရွားသည့်ဝေဖန်ချက်များရရှိသော်လည်း ဂျက်စတင်တင်ဘာလိတ်ခ်၏အယ်လ်ဘမ် Billboard ဇယား၌ ဦးဆောင်

 

အမေရိကန်နာမည်ကြီးအဆိုတော် ဂျက်စတင်တင်ဘာလိတ်ခ်၏ အယ်လ်ဘမ်အသစ်ဖြစ်သော Man of the Woods သည် ဂီတဝေဖန်ရေးဆရာများ၏ ဆိုးရွားသောမှတ်ချက်များရရှိနေသော်လည်း အမေရိကန် Billboard ၏ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယား၌ ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။

၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ထွက်ရှိလာသော တင်ဘာလိတ်ခ်၏ အယ်လ်ဘမ်အသစ် Man of the Woods သည် စတင်ဖြန့်ချီသည့် ပထမအပတ်အတွင်း အချပ်ရေ ၂၄၂၀၀၀ ခန့် ရောင်းချနိုင်ခဲ့ ကြောင်း Nielsen Music မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်အချပ်လိုက် ရောင်းချရမှု များ၊ သီချင်းရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

ထို့ကြောင့် Man of the Woods သည် Billboard အယ်ဘမ် ၂၀၀ ဇယား၌ နံပါတ်တစ်နေရာမှ ဦးဆောင်နိုင် သည့် တင်ဘာလိတ်ခ်၏ လေးချပ်မြောက် အယ်လ်ဘမ်တစ်ခုဖြစ်လာခဲ့သည့်အပြင် လွန်ခဲ့သော ၂၀၁၇ ဒီဇင်ဘာလက ထွက်ရှိခဲ့သည့် တေလာဆွစ်၏ Reputation အယ်လ်ဘမ်ပြီးနောက် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်သည်ဟု Billboard က ဆိုခဲ့သည်။

သို့သော်လည်း Man of the Woods အယ်လ်ဘမ်ကို ကြိုက်နှစ်သက်သောပရိသတ်အနည်းငယ်ခန့်သာရှိနေပြီး ဂီတဝေဖန်ရေးသမားများကမူ ဆိုးရွားသောမှတ်ချက်များပေးခဲ့ကြသည်။

Esquire မဂ္ဂဇင်းက ယင်းအယ်လ်ဘမ်သည် စိတ်ပျက်စရာကောင်းသလို တင်ဘာလိတ်ခ်အတွက် စိတ်ကသိ ကအောက်ဖြစ်စရာ အယ်လ်ဘမ်ဟု ဝေဖန်ခဲ့သည်။ ဒါ့အပြင် USA Today သတင်းစာကလည်းက ထိုအယ်လ်ဘမ်သည် အမေရိကန်ပေါ့ပ်ဂီတလောကအတွက် ကျေနပ်စရာကောင်းလောက်သော အယ်လ်ဘမ် မဟုတ်ကြောင်း အသီးသီးဝေဖန်ခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly