အင်းဒင်တွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှု ပါဝင်ပတ်သက်ခဲ့သူ ၁၆ ဦးကို ဖမ်းဆီးထား

အင်းဒင်တွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှု ပါဝင်ပတ်သက်ခဲ့သူ ၁၆ ဦးကို ဖမ်းဆီးထား
ဒီဇင်ဘာလ ၁၉ ရက်က ရုပ်အလောင်းများ တူးဖော်နေစဉ်။ ဓာတ်ပုံ-MOI

မောင်တော၊ ဖေဖော်ဝါရီ ၁၃ ရက်။                 ။  ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂ ရက်နေ့က ဘင်္ဂါလီအမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သတ်ခဲ့သည့် တပ်မတော် အရာရှိ ၄ ဦး၊ တပ်မတော်သား ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် ဒေသခံ ၆ ဦး စုစုပေါင်း ၁၆ ဦးကို အရေးယူ ဖမ်းဆီးထားကြောင်း   ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက RiAသို့ အတည်ပြု ပြောသည်။

“လုံခြုံရေးရဲ တပ်ဖွဲ့တွေအပါဝင် အရပ်သားတွေရော အုပ်ချုပ်ရေးမှူးတွေကိုရော ကျနော်တို့ ဖမ်းဆီးအရေးယူထားပါတယ်။ အဓိကတော့ သူတို့ကို လူသတ်မှုနှင့် အရေးယူထားတာပေါ့။ လူသတ်မှုကို ကျူးလွန်တာကိုး။ ဘယ်မှာဖမ်းထားတယ်ဆိုတာတော့ ကျနော်မသိပါဘူး။ အခုက ခရီးသွားနေပါတယ်။”

အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ  ၁၀ ဦးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းဆောင်းပါးကို ရိုက်တာသတင်းဌာနမှ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်လွှင့်ခဲ့သည်။

အဆိုပါ သတ်ဖြတ်ခံရမှုကို ပုံဖော်ရေးသားထားသည့် ရိုက်တာသတင်းဌာန၏ အထူးသတင်းပေးပို့ချက် သတင်းဆောင်းပါး ထွက်ပေါ်လာပြီးနောက် ဖမ်းဆီးအရေးယူမှုများကို အစိုးရက ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။ပြစ်မှုကျူးလွန်သူများကိုစစ်ဆေးအရေးယူမည်ဆိုခြင်းကိုမူ တပ်မတော်က ဇန်နဝါရီ ၁၀ရက်ကတည်းက သတင်းထုတ်ပြန်ထားသော်လည်း မည်သည့် အချိန်က ဖမ်းဆီးအရေးယူထားသည်ဆိုခြင်းကိုမူ မသိရပေ။

ယင်းသတ်ဖြတ်ခံလိုက်ရသည့် ဘင်္ဂါလီ အမျိုးသား ၁၀ ဦးမှာ အကြမ်းဖက်သမား ၂၀၀ ဦးထဲကဖြစ်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားသည်။ ရိုက်တာသတင်းဌာကမူ ၎င်းတို့မှာ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ကမ်းခြေတစ်ခုတွင် ခိုလှုံနေသူထဲမှ ၁၀ ဦးဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

  လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများကိုမူ  မည်သည့် အချိန်က ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ဦးတင်မောင်ဆွေအား မေးမြန်းခဲ့သော်လည်း မသိဘူးဟုသာ ပြန်ဖြေကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly