တောင်ကိုရီးယားတို့၏ ဧည့်ဝတ်ကျေပွန်မှု ကင်မ်ဂျံုအန်း ချီးကျူး

တောင်ကိုရီးယားတို့၏ ဧည့်ဝတ်ကျေပွန်မှု ကင်မ်ဂျံုအန်း ချီးကျူး

 

ဖေဖော်ဝါရီ ၁၃ ။                ။ ပြုံချန်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် ၎င်းတို့၏ အားကစားအဖွဲ့အပေါ် တောင်ကိုရီးယားတို့ဘက်မှ အထူးတလည် ဧည့်ဝတ်ကျေပွန်ခဲ့သည့်အတွက် အထူးကျေးဇူးတင် ချီးကျူးလိုပါကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ထုတ်ဖော်ပြောဆိုသွားသည်ဟု သိရသည်။

ဆက်လက်၍ ညီမဖြစ်သူကိုလည်း တောင်ကိုရီးယားအစိုးရဘက်က နွေးထွေးစွာ ကြိုဆိုပေးခဲ့မှုအပေါ် ကင်မ်က အထူးချီးကျူးသွားခဲ့ပြီး ယခုကဲ့သို့ အိုလံပစ်ပြိုင်ပွဲကနေတဆင့် ရရှိခဲ့သည့် နွေးထွေးချစ်ကြည်မှု အရှိန်အဟုန်က တစ်ကွဲတစ်ပြားဖြစ်နေသည့် ကိုရီးယားနှစ်နိုင်ငံအကြား ပြန်လည်စေ့စပ်ညှိနှိုင်းမှုများဆောင်ရွက်ရေးအတွက် အရေးပါလှပါကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်၏ ညီမငယ် ကင်မ်ယိုဂျုံသည် နိုင်ငံ၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တောင်ကိုရီးယားသို့ သမိုင်းဝင် သွားရောက်ကာ အိုလံပစ်ဖွင့်ပွဲ တက်ရောက်ခဲ့ပြီး ယခုအခါ နိုင်ငံသို့ ပြန်ရောက်နေပြီဖြစ်သည်။

သူမ၏ အဆိုပါ ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကိုပါ နိုင်ငံကိုအလည်လာရန် အကိုဖြစ်သူ ကိုယ်စား ဖိတ်ကြားထားနိုင်ခဲ့သေးသည်။ ယင်းဖိတ်ကြားချက်အပေါ် တောင်ကိုရီးယားသမ္မတက အားချင်းလက်ခံခဲ့ခြင်းမရှိသေးဘဲ သင့်တော်သည့်အချိန်ကျရင် လာရောက်ပါမည်ဟု ကနဦး ပြောထားကြောင်း သိရသည်။

တစ်ကွဲတစ်ပြားဖြစ်နေသည့် ကိုရီးယားနှစ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် နှစ်များအတွင်း တင်းမာမှု အရှိန်မြင့်တက်နေခဲ့လျက်ရှိသော်လည်း ယခု ပြုံချန်း အိုလံပစ်ပွဲကျင်းပမှုနဲ့အတူ နှစ်နိုင်ငံအကြား ရင်းနှီးနွေးထွေးသည့် အပြန်အလှန် ဆက်ဆံမှုများကို ထင်ထင်ရှားရှား ပြန်လည် မြင်တွေ့ထားခဲ့ရပြီ ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly