လူဝကြီးဖြစ်နေရခြင်းအတွက် စိတ်ပူခဲ့ရဖူးကြောင်း အက်ဒ်ရှီရန်းဖွင့်ဟ

လူဝကြီးဖြစ်နေရခြင်းအတွက် စိတ်ပူခဲ့ရဖူးကြောင်း အက်ဒ်ရှီရန်းဖွင့်ဟ

 

နာမည်ကျော်ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်းက သူသည်ယခင်က လူဝကြီးဖြစ်နေရခြင်းအတွက် စိုးရိမ်ပူပန်ခဲ့ရ ဖူးကြောင်းနှင့် သူ၏အနုပညာသက်တမ်းအစက ပိန်ပိန်ပါးပါးဖြစ်သွားရန် ဖိအားများဝင်လာသည်အထိ ကြိုးပမ်း ခဲ့ဖူးကြောင်း ဖွင့်ဟပြာဆိုခဲ့သည်။

သို့သော်လည်း သူက ယခုအခါတွင် သူ၏ကိုယ်အလေးချိန်နှင့်ပက်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိတော့ကြောင်း ပြောခဲ့သည်။

အက်ဒ်ရှီရန်းက သူသည် အခြားနာမည်ကြီးအနုပညာရှင်များဖြစ်ကြသော ဂျက်စတင်ဘီဘာနှင့် One Direction အဖွဲ့ဝင်တို့နှင့် ခန္ဓာကိုယ်ခြင်း နှိုင်းယှဉ်ကြည့်ပြီးနောက်တွင် ဝိတ်ချရန် အစားအသောက်အနေထိုင်ကအစ ပြင်းပြင်းထန်ထန် စတင်ကြိုးစားခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

“သူတို့တွေအားလုံးကိုယ်စီမှာ ဗိုက်ကြွက်သား ၆ ခုရှိပြီးတော့ ဓာတ်ပုံလည်းစားတဲ့သူတွေဖြစ်ပါတယ်။ ကျနော် လည်း သူတို့လိုမျိုး ကြည့်ကောင်းတဲ့သူဖြစ်ချင်မိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က လူဝကြီးဖြစ်နေပြီးတော့ ဒီအတွက် ဂရုစိုက်သင့် မသင့်ကို တွေးခဲ့မိပါတယ်။ ဘယ်သူကမှ ကျနော့်ရဲ့အသွင်အပြင်ကိုကြည့်ပြီးတော့ ကျနော့်ရဲ့သီချင်းခွေတွေကို အားပေးမယ်လို့မထင်မိပါဘူး” ဟု အက်ဒ်ရှီရန်းက ဆိုခဲ့သည်။

 “ကျနော်အဆိုတော် မဖြစ်ခင်က မိမိကိုယ်ကိုယုံကြည်မှုနည်းတာမျိုး မရှိခဲ့ပါဘူး။ ကျနော့်မှာ မွေးကတည်းက နီဝါရောင်ဆံပင်တွေရှိပါတယ်” ဟု အက်ဒ်က စနောက်ပြောဆိုခဲ့သည်။

ဆက်လက်ပြီး “ကျနော်ကတော့ ဂရုမစိုက်ခဲ့ပါဘူး။ ကျနော့်မှာ နီဝါရောင်ဆံပင်တွေရှိတယ်။ ဘီယာဗိုက်လည်း ရှိတယ်။ အဝတ်အစားတွေကို မလျှော်ပဲနဲ့လည်း ဝတ်ချင်ဝတ်ပါတယ်။ ဒါပေမယ့် ကျနော်အဆိုတော်ဖြစ်လာပြီး အားလုံးက အာရုံစိုက်ကြည့်တာကိုခံရတဲ့အခါမှာတော့ ကျနော့်အတွက် ဆိုးတယ်လို့ထင်ရတဲ့ကိစ္စမျိုးတွေကို တွေးလာရပါပြီ။ ဥပမာ ကျနော်ဝများဝနေလားဆိုတာမျိုးပေါ့” ဟု အက်ဒ်ရှီရန်းက သူ၏ခန္ဓာကိုယ်နှင့်ပက်သက် ၍ စတင်ပူပန်ခဲ့ရခြင်းအပေါ် ပြန်ပြောင်းပြောဆိုခဲ့သည်။

ထိုအကြောင်းများကို အက်ဒ်ရှီရန်းသည် သူ၏မိတ်ဆွေဖြစ်သော ဂီတပညာရှင် ဂျော့အက်ဇ်ရာ၏ အစီအစဉ် တစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags