ဗိုလ်ချုပ်၏ ကျောင်းသားဘဝ၊နိုင်ငံရေးဘဝ၊စစ်သေနာပတိဘဝရုပ်ပုံလွှာငယ်များပါ၀င်သော ဗိုလ်ချုပ်ကြေးရုပ်ဖွင့်လှစ်

ဗိုလ်ချုပ်၏ ကျောင်းသားဘဝ၊နိုင်ငံရေးဘဝ၊စစ်သေနာပတိဘဝရုပ်ပုံလွှာငယ်များပါ၀င်သော ဗိုလ်ချုပ်ကြေးရုပ်ဖွင့်လှစ်
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃ ။             ။ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ယနေ့ (ဖေဖေါ်ဝါရီ ၁၃) တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ နိုင်ငံရေးဘဝ၊ စစ်သေနာပတိဘဝရုပ်ပံလွှာငယ်များပါဝင်သော ဗိုလ်ချုပ် ကြေးရုပ်တုတစ်ခုကို သီတဂူဆရာတော်ကြီးနှင့်ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ကဖွင့်လှစ်ပေးခဲ့သည်။

 ကြေးပိသာချိန် (၃၀၀) ခန့်ရှိပြီးအမြင့် ၉ ပေခန့်ရှိသည့်အဆိုပါ ဗိုလ်ချုပ်ဆောင်ဆန်းရုပ်ထုကို ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် (၁) ဦးတင်ထွန်းနိုင်ကဖြစ်မြောက်ရေးကော်မတီတွင် ဥက္ကဋ္ဌ တာဝန်ယူကာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 " ဒီနေရာဟာ ကျွန်တော်တို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရဲ့ လမ်းဆုံလမ်းဂွကြီးဖြစ်ပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိုထားခြင်းအား ဖြင့် မြို့သူမြို့သားတွေဟာ နေ့စဉ်နေ့တိုင်း ဗိုလ်ချုပ်ရုပ်တုကြီးကိုတွေ့ပြီး ဗိုလ်ချုပ်လိုမျိုးစိတ်ဓာတ်တွေပေါ်ပေါက်စေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ ဒီနေရာမှာတည်ဆောက်ရခြင်းဖြစ်ပါတယ် " ဟု၎င်းကပြောသည်။

 ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘေလီတံတားအဆင်းလမ်းဆုံအနီး " ပင်လုံရင်ပြင် " ဟုအမည်ပေးထားသည့်ကွင်းအသေးတစ်ခုတွင် ထုလုပ်ထားသော ဗိုလ်ချုပ်အောင်ဆန်း (မတ်တပ်ရပ်) ရုပ်တုဖွင့်ပွဲအခမ်းအနားအပြီးတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

 ထို့အပြင် မြောက်ဒဂုံရှိ အဆိုပါဗိုလ်ချုပ်ရုပ်ထု၏ အောက်ခြေတွင် ဗိုလ်ချုပ်၏ ကျောင်းသားဘဝ၊ နိုင်ငံရေးဘ၀ အစရှိသည့် ရုပ်ပုံအသေးများကိုလည်း ထုလုပ်ထားကြောင်း သိရသည်။

 " သီတဂူဆရာတော်ကြီးကတတ်ရောက်ပြီးတော့ သြဝါဒပေးခဲ့ပါတယ်။ ဘာပါလဲဆိုတော့ ဗိုလ်ချုပ်ရဲ့ ကျောင်းသားဘဝ၊ နိုင်ငံရေးဘဝ၊ စစ်သေနာပတိ ဆိုတဲ့ ဘဝတွေကိုလည်း ဘ၀ စုံစုံညီညီထည့်စေချင်တဲ့ရည်ရွယ်ချက်တွေရှိပါတယ်။ ဒီရည်ရွယ်ချက်နဲ့အညီ ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်ကြေးရုပ် ဒီဇိုင်းမှာ လည်း ဒီလိုမျိုး ဒီလို လိုအပ်ချက်တွေကို ဖြည့်ရင်ရတဲ့အခြေအနေရှိတဲ့အတွက် ကျွန်တော်တို့တွေထည့်ခဲ့ပါတယ် " ဟု ရုပ်ထုဖြစ်မြောက်ရေကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်ဆိုသည်။

 အဆိုပါ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗိုလ်ကြေးရုပ်ဖွင့်ပွဲကို သီတဂူဆရာတော် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းကိုချစ်မြတ်နိုးသည့် ပြည်သူများလာရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly