အချစ်ဘဏ်မှာ ချစ်သူများက ချစ်သမျှအကြောင်းတွေကို ချစ်အာမခံထား

အချစ်ဘဏ်မှာ ချစ်သူများက ချစ်သမျှအကြောင်းတွေကို ချစ်အာမခံထား

ဘန်စကာစတီယက်ဗ်နီကာ၊ ဖေဖော်ဝါရီ ၁၃ ။        ။ ဆလိုဗာကီးယားနိုင်ငံက အလယ်ခေတ်မြို့ငယ်လေးတစ်မြို့မှာ ချစ်သူစုံတွဲတွေဟာ ဗယ်လင်တိုင်းဒေး ချစ်သူများနေ့အတွက် ပြင်ဆင်အသင့်ရှိနေပြီး အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ချစ်သမျှအကြောင်းတွေ၊ ချစ်မေတ္တာ အထိမ်းအမှတ်ပစ္စည်းတွေကို ‘အချစ်ဘဏ်’မှာ ချစ်အာမခံအဖြစ် ထားရှိအပ်နှံကြပါတယ်။

ဆလိုဗာကီးယားကဗျာဆရာ Andrej Sladkovic ရေးသားတဲ့ ကမ္ဘာအရှည်ဆုံးကဗျာရှည်ကြီးဖြစ်တဲ့ Marina ကဗျာကို ဂုဏ်ပြုအထိမ်းအမှတ်ပြုလုပ်ပြီး ဘန်စကာစတီယက်ဗ်နီကာမြို့ငယ်မှာ အချစ်ဘဏ်ကို တည်ထောင်ဖွင့်လှစ်ထားတာဖြစ်ပြီး အဓိက ဆွဲဆောင်ရာအဖြစ် ရှိနေတာပါ။

၁၈၄၄ ခုနှစ်က ကဗျာဆရာ Andrej ဟာ သူနဲ့ သူ့ချစ်သူ မာရီယာပီစချာလိုဗာတို့ရဲ့ကြားက ကံခေခဲ့ရတဲ့ ချစ်ဇာတ်လမ်းအကြောင်းကို စာကြောင်းရေ ၂၉၀၀ နဲ့ ကဗျာရှည်ကြီးတစ်ပုဒ် ဖွဲ့သီခဲ့တာ ဖြစ်ပါတယ်။
ကဗျာဆရာနဲ့ မာရီယာတို့ရဲ့ ချစ်ဇာတ်လမ်းဟာ ရှင်ကွဲကွဲခဲ့ရတဲ့ ချစ်သူတွေ ဖြစ်ပေမယ့် ရိုမီယိုနဲ့ ဂျူလီယက်လို ဒဏ္ဍာရီမဟုတ်ဘဲ အဖြစ်မှန် ကြေကွဲစရာ ချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့တာပါ။ မာရီယာရဲ့ မိဘတွေဟာ ဆင်းရဲနွမ်းပါးတဲ့ ကဗျာဆရာနဲ့ သဘောမတူဘဲ ကိတ်မုန့်လုပ်ငန်းရှင်တစ်ဦးနဲ့ မာရီယာကို ပေးစားခဲ့တဲ့ ရှင်ကွဲကွဲခဲ့ရတဲ့ ချစ်ဇာတ်လမ်းပါပဲ။

ကဗျာဆရာနဲ့ မာရီယာတို့ရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် မေတ္တာဇာတ်လမ်းကို အထိမ်းအမှတ်ပြုပြီး ငွေတူးဖော်တဲ့ မြို့ငယ်ဟောင်းဖြစ်တဲ့ ဘန်စကာစတီယက်ဗ်နီကာမြို့မှာ ‘အချစ်ဘဏ်’ကို ဖွင့်လှစ်ထားတာဖြစ်ပြီး ‘ချစ်မေတ္တာတို့ရဲ့ ဗဟိုချက်’အဖြစ် အသိများလာပါတယ်။

အချစ်ဘဏ်မှာဆိုရင် Marina ကဗျာကို သရုပ်ဖော်တင်ဆက်မှု အစီအစဉ်တွေလည်း ရှိနေတာမို့ ဆွဲဆောင်ရာဖြစ်နေတဲ့အပြင် ချစ်သူတို့ရဲ့ မေတ္တာနှောင်ကြိုး ခိုင်ခံ့မှုကို တိုင်းတာရာ love-o-meter ဆိုတာပါ ရှိနေတာ ဖြစ်ပါတယ်။

“လာရောက်ကြတဲ့ ချစ်သူစုံတွဲတွေဟာ သူတို့ မူလတန်းနေအရွယ်က မဖြစ်မနေ သင်ကြားခဲ့ရတဲ့ သမိုင်းအစိတ်အပိုင်းတစ်ရပ်နဲ့ ကဗျာတစ်စိတ်တစ်ဒေသဟာ တကယ့်ဖြစ်ရပ်မှန်အဖြစ် ဒီအချစ်ဘဏ်မှာ မြင်တွေ့ရချိန် ဘယ်လောက်အထိ အံ့သြစရာဖြစ်ရကြောင်းကို ပြောကြပါတယ်။”ဟု အချစ်ဘဏ်ကို လည်ပတ်နေတဲ့ NGO မှ ပြောခွင့်ရှိသူ ဂျာဗော်စကာက ပြောပါတယ်။
ချစ်သူများအနေနဲ့လည်း ချစ်သမျှ မေတ္တာအကြောင်းတွေ၊ ချစ်ခရီး အမှတ်တရပစ္စည်းတွေကို အာမခံထား သိမ်းဆည်းနိုင်တာမို့ အချစ်ဘဏ်ဟာ အကြိုက်ဆွဲဆောင်ရာ ဖြစ်နေပါတယ်။

အချစ်ဘဏ် ဖွင့်လှစ်ထားရာ အဆောက်အအုံ မြေအောက်တိုက်က တူးမြောင်းရှည်မှာ အံ့ဆွဲငယ်လေးတွေ တစ်သိန်းကျော်မက ထားရှိပြီး ချစ်သူတွေရဲ့ ချစ်အာမခံကို ထားရှိပေးထားတာ ဖြစ်ပါတယ်။
စုံတွဲချစ်သူတွေအနေနဲ့ သူတို့ရဲ့ ချစ်အာမခံတွေကို တစ်နှစ်မှာ တစ်ရက်တည်းမှာသာ လာရောက် အာမခံသိမ်းဆည်းထားနိုင်တာ ဖြစ်ပါတယ်။ ဒီရက်ကတော့ ချစ်သူများနေ့ မတိုင်မီ တစ်ရပ်မှာပါပဲ။

“ကျွန်မနဲ့ ကျွန်မချစ်သူ သတို့သားလောင်းတို့က ကျွန်မတို့ ပထမဆုံး ချိန်းတွေ့ချိန်က ရုပ်ရှင်လက်မှတ်ကို လာရောက်သိမ်းဆည်းမှာ ဖြစ်ပါတယ်။”ဟု အသက် ၂၄ နှစ်ရှိ ဒိုမီနီကာက အေအက်ဖ်ပီကို ပြောပါတယ်။

ခုနစ်လသားအရွယ် သားငယ်ကိုပါ ချီပိုးလျက် လာရောက်တဲ့ အခြားစုံတွဲတစ်တွဲဖြစ်တဲ့ ဂျန်နဲ့ အန်နာတို့ကလည်း “ဘန်စကာစတီယက်ဗ်နီကာကို ကျွန်တော်တို့ လေးကြိမ်လား၊ ငါးကြိမ် မသိ ရောက်ရှိတာပါ။ ကျွန်တော်တို့ လက်မထပ်ခင်တုန်းကဆို ခဏခဏ ရောက်ခဲ့တာပေါ့။”ဟု ဂျန်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly