ရခိုင် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသွားရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ရခိုင် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသွားရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

 

ဖေဖော်ဝါရီ ၁၃ ။             ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်က ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်းသို့ တွေ့ဆုံစဉ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားထားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ လွတ်လပ်ပြီး ပြည့်ဝတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဖော်ဆောင်ပြုလုပ်သွားဖို့ ဗြိတိန်ဝန်ကြီးက တိုက်တွန်းသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဗြိတိန်ဝန်ကြီး ဘောရစ် ဂျွန်ဆင်အနေနဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားနယ်က ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခဲ့ပြီးနောက် ယခုလိုမျိုး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

" မြန်မာအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဒီ ရခိုင်က ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အလုံးစုံပြည့်ဝပြီး သီးခြားလွတ်လပ်မှုရှိတဲ့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်သွားကြဖို့က အရေးကြီးတယ်ဆိုတာကို ကျွန်တော် အလေးထား ပြောပေးခဲ့ပါတယ်၊ နောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်သူတွေကိုလည်း ဖော်ထုတ်အရေးယူသွားဖို့ ပြောခဲ့ပါတယ်" ဆိုပြီး ဗြိတိန်ဝန်ကြီးက ထုတ်ပြန်ပြောကြားသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ရခိုင်ပြည်နယ်မှာ မှန်ကန်ကောင်းမွန်တဲ့ အခြေအနေကောင်းတွေ အစိုးရဘက်က အားချင်း ဖန်တီးပေးဖို့ လိုအပ်ပြီး ယင်းမှသာလည်း ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်တွေ အမြန်ဆုံး ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လာနိုင်မှာဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါသေးတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly