ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အီရတ်တို့ ဒေါ်လာ ၈၈.၂ ဘီလျံခန့်လိုအပ်

ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အီရတ်တို့ ဒေါ်လာ ၈၈.၂ ဘီလျံခန့်လိုအပ်

 

ကူဝတ်စီးတီး၊ ဖေဖေါ်ဝါရီ ၁၃ ။              ။ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့နှင့် နှစ်များစွာကြာ စစ်မက်ဖြစ်ပွားခဲ့အပြီးတွင် အီရတ်နိုင်ငံအနေဖြင့် နိုင်ငံပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၈၈.၂ ဘီလျံခန့် လိုအပ်နေကြောင်း စီမံကိန်းဝန်ကြီး ဆယ်လ်မန်အယ်လ်ဂျူမိုင်လီက တနင်္လာနေ့က ကူဝိတ်နိုင်ငံတွင်ပြုလုပ်ခဲ့သည့် အပြည်ပြည် ဆိုင်ရာညီလာခံ၌ ပြောကြားခဲ့သည်။

အီရတ်နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ၃ ရက်တာကျင်းပမည့် အပြည်ပြည်ဆိုင်ရာညီလာခံမှတဆင့် အီရတ်တို့အနေဖြင့် ဒေါ်လာဘီလျံပေါင်းများစွာရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

နိုင်ငံအတွင်းမှလူသန်းပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေပြီး နိုင်ငံအားပျက်စီးခဲ့စေသည့် IS ဂျီဟတ်ဝါဒီများနှင့်  ၃နှစ်တာခန့် စစ်မက်ဖြစ်ပွားခဲ့အပြီးတွင် ၎င်းတို့ကိုအမြစ်ဖြတ်အောင်နိုင်ခဲ့ပြီဟု ဘဂ္ဂဒတ်အစိုးရက ပြီးခဲ့သော ဒီဇင်ဘာလက ကြေညာခဲ့သည်။

အီရတ်တို့တောင်းခံထားသည့် ဒေါ်လာ ၈၈.၂ ဘီလျံသည် အီရတ်နှင့် နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်များ၏ လေ့လာဆန်းစစ်မှုအရ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ကြောင်း စီမံကိန်းဝန်ကြီးက ဆိုခဲ့သည်။

စီမံကိန်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ကူဆိုင်းအက်ဘ်ဒယ်ဖာတာက တောင်းခံထားသော ရန်ပုံငွေများထဲ မှ ဒေါ်လာ ၂၂ ဘီလျံခန့်ကို ယခုချက်ချင်းလိုအပ်နေကြောင်းနှင့် ကျန်ရှိနေသောရန်ပုံငွေများကို နှစ်လယ်ခန့် တွင်ရရှိဖို့လိုအပ်သည်ဟု ပြောခဲ့သည်။

“စစ်ဘေးသင့်ခဲ့တဲ့နယ်မြေတွေထဲမှာ ကျနော်တို့ဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်နေပြီဖြစ်ပါ တယ်” ဟု ပြန်လည်ထူထောင်ရေးရန်ပုံငွေအဖွဲ့မှ အကြီးအကဲဖြစ်သူ မူစတာဖာအယ်လ်ဟီတီက ဆိုခဲ့သည်။

ဒါ့အပြင် ခရိုင်အများအပြား၌ အခြေခံအဆောက်အဦးများ ပြန်လည်တည်ဆောက်ဖို့ အရေးပေါ်လိုအပ်နေသည် ဟုလည်း သူက ဆိုခဲ့သည်။

“စစ်ဘေးကြောင့် နေအိမ်ပေါင်း ၁၃၈၀၀၀ ကျော်လောက် ပျက်စီးသွားပါတယ်။ အဲထဲကတစ်ဝက်လောက်က တကယ့်ကိုပြာပုံဖြစ်သွားတာပါ” ဟီတီက ပြောခဲ့ပြီး အီရတ်ပြည်သူ ၂.၅သန်းခန့်မှာ အိမ်ပစ်ရာပစ်ပြေးခဲ့ရသည် ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

သဘာဝသယံဇာတနှင့် အရင်းအမြစ်ပေါကြွယ်ဝသော အီရတ်နိုင်ငံသည် လွန်ခဲ့သော ၁၉၈၀ ခုနှစ်များမှစတင်၍ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများနှင့် စစ်မက်ဖြစ်ပွားခြင်းတို့ကြောင့် ချွတ်ခြုံကျသွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly