ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်ကို ဒရော့ချီ ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်မည်

ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်ကို ဒရော့ချီ ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်မည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အတွက် အီတလီလူမျိုး ဂျန်လုကာ ဒရော့ချီကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ရွေးချယ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က တနင်္လာနေ့ ကြေညာခဲ့ပါတယ်။

ချန်ပီယံဘွဲ့ကို ကာကွယ်မယ့် ရီးယဲလ်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

၁၉၇၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့မှာ ဖလောရန့်မှာ မွေးဖွားခဲ့သူ ဒရော့ချီဟာ နောက်ဆုံးကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ပွဲစဉ်မှာ သြဂုတ်လ ၈ ရက်နေ့က မက်ဆီဒိုးနီးယားနိုင်ငံ မြို့တော် စကိုပီယာမှာ ရီးယဲလ်အသင်းက မန်ယူအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူအီးအက်ဖ်အေ စူပါဖလားလုပွဲဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဒရော့ချီဟာ ရီးယဲလ်အသင်းပွဲစဉ်တွေဖြစ်တဲ့ ၂၀၁၁-၂၀၁၂ ရာသီ ကွာတားဖိုင်နယ်အဆင့်မှာ ရီးယဲလ်က Apoel ကို ၅-၂ ဂိုး၊ ၂၀၁၂-၂၀၁၃ ရာသီ မန်စီးတီးကို ၁-၁ သရေကျတဲ့ ပွဲစဉ်နှင့် ၂၀၁၅-၂၀၁၆ ရာသီ ကွာတားဖိုင်နယ်မှာ ဝုဖ်ဘတ်အသင်းကို ဝ-၂ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲစဉ်တွေကို ဒိုင်အဖြစ် ကိုင်တွယ်ခဲ့ပါတယ်။

သူဟာ ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်တစ်ပွဲကို ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒါက ၂၀၀၈-၂၀၀၉ ရာသီ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းက ရှော်လ်ကေးအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags