ငြိမ်​းချမ်​း​ရေးရရန်​ အတိုင်​ပင်​ခံ​နောက်​မှ မားမားမတ်​မတ်​ ရပ်​တည်​​ဆောင်​ရွက်​ကြရန်​ မန်​းတိုင်​းဝန်​ကြီးချုပ်​တိုက်​တွန်​း

ငြိမ်​းချမ်​း​ရေးရရန်​ အတိုင်​ပင်​ခံ​နောက်​မှ မားမားမတ်​မတ်​ ရပ်​တည်​​ဆောင်​ရွက်​ကြရန်​ မန်​းတိုင်​းဝန်​ကြီးချုပ်​တိုက်​တွန်​း

မန္တလေး၊ဖေဖော်ဝါရီ ၁၂  ။           ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရအောင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ နောက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး ဆောင်ရွက်ပေးကြပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်မိဘပြည်သူများအားလုံးကို မေတ္တာရပ်ခံ တိုက်တွန်းကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မန္တလေးတောင်ခြေ၊ရွှေမန်းတောင်အားကစားကွင်း(မြင်းပြိုင်ကွင်း)
တွင် ပြုလုပ်သည့် ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ပြည်ထောင်စုဒိုင်း၊ဒုတိယအကြိမ် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် ပြောကြားခြင်းဖြစ်သည်။

"အဲဒီငြိမ်းချမ်းရေးရဖို့ဟာလည်း ပြည်ထောင်စုစိတ်ဓါတ်လိုပါတယ်။ ဒါကြောင့်မို့ ဒီနေ့အခမ်းအနားတက်ရောက်လာသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေရော မိဘပြည်သူအားလုံးကို မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရအောင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့နောက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး ဆောင်ရွက်ပေးကြပါစေလို့ ဒီနေ့ကျွန်တော် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

ဆက်လက်၍၎င်းက"ဒီနေ့ဟာ ကျွန်တော်တို့နိုင်ငံမှာ အလွန်တန်ဖိုးထားမြတ်နိုးပြီးတော့ ရင်ထဲမှာ ထာဝရသိမ်းထားရမယ့် ပြည်ထောင်စုစိတ်ဓါတ်ဆိုတာကို မွေးမြူ လေ့ကျင့် ပျိုးထောင်ပေးရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

ဒီလိုနေထူးနေမြတ်မှာ အားကစားပြိုင်ပွဲပြုလုပ်တဲ့ရည်ရွယ်ချက်တွေ ရှိပါလိမ့်မယ်။အဲဒီတော့ ပထမဆုံးမမေ့သင့်တာကတော့ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာ မမေ့ပါနဲ့။

နိုင်ငံ့လွတ်လပ်ရေးရဖို့အတွက် ပြည်ထောင်စုစိတ်ဓါတ်အရေးကြီးခဲ့ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း သံသယကင်းပြီးတော့ တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည် အပြန်အလှန် တန်ဖိုးထားပြီးတော့ စောင့်ရှောက်ကူညီရမယ့်စိတ်ဓါတ်ဟာ ပြည်ထောင်စုစိတ်ဓါတ်ပါ။

ကနေ့ခေတ်၊ကနေ့အချိန်အခါအရ မြန်မာနိုင်ငံအတွက်အရေးအကြီးဆုံးက နှစ်ပေါင်းကြာရှည်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းရေးရဖို့ အရေးကြီးပါတယ်။"ဟုပြောသည်။

ရပ်ကွက် ၁၉ ရပ်ကွက်က ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဗိုလ်လုပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်တွင်ပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required