ကာမရာဂစိတ်ဖြစ်စေသောအက ကခဲ့သည့်နိုင်ငံခြားသားများကို ကမ္ဘောဒီးယားနိုင်ငံအတွင်းမှ နှင်ထုတ်

ကာမရာဂစိတ်ဖြစ်စေသောအက ကခဲ့သည့်နိုင်ငံခြားသားများကို ကမ္ဘောဒီးယားနိုင်ငံအတွင်းမှ နှင်ထုတ်

 

ဖနွမ်းပင်၊ ဘန်ကောက်ပို့စ်၊ ဖေဖေါ်ဝါရီ ၁၂ ။            ။ ကမ္ဘောဒီးယားနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်အများစု လာရောက်လည်ပတ်သည့် ဆီယမ်ရိတ်ပ်မြို့၌ ကာမရာဂစိတ်နိုးကြားစေမည့် ကကွက်များနှင့် ရေကူးကန်ပါတီပြုလုပ်ခဲ့သည့် နိုင်ငံခြားသား ၁၀ ဦးထဲမှ ၇ ဦး ခန့်ကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း တရားရုံးတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောခဲ့သည်။

လွန်ခဲ့သောနှစ်ပတ်ခန့်က ဆီယမ်ရိတ်ပ်မြို့ရှိ ကိုယ်ပိုင်နေအိမ်တစ်လုံး၌ ပါတီပွဲကျင်းပခဲ့ပြီး သီချင်းများသီဆိုကာ သောင်းကျန်းခဲ့သည့် နိုင်ငံခြားသားများကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကာ ထိုသူတို့သည် ကာမရာဂစိတ်ဖြစ်စေ သောအကများကခဲ့ပြီး မဖွယ်မရာပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်ထုတ်ခဲ့ကြသည်။

ထို့ကြောင့် ဆီယမ်ရိတ်ပ်တရားရုံးက ၎င်းတို့အား အပြာဇာတ်လမ်းဆန်သော ဓာတ်ပုံများရိုက်ကူးခြင်းနှင့် အမြင် မတော်စရာကိစ္စများ လုပ်ဆောင်ခဲ့မှုတို့အတွက် တရားစွဲဆိုခဲ့သလို ပါတီပွဲစီစဉ်သူများသည် မဖွယ်မရာ ဓာတ်ပုံ များကိုရိုက်ကူး၍ အွန်လိုင်းပေါ်သို့တင်ကာ ပွဲဆူအောင်လုပ်ဆောင်ခဲ့သည်ဟု အစိုးရရှေ့နေက စွပ်စွဲခဲ့သည်။

ဗြိတိန်နိုင်ငံသား ၅ဦး၊ ကနေဒါနိုင်ငံသား ၂ဦး၊ နော်ဝေနိုင်ငံသားတစ်ဦး၊ နယူးဇီလန်နိုင်ငံသားတစ်ဦးနှင့် ဒတ်ချ်လူမျိုးတစ်ဦးတို့သည် ယင်းကိစ္စအတွက် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရသော်လည်း သူတို့၏ရှေ့နေက အာမခံရရှိရန်ကြိုးပမ်းခဲ့သည်။

တရားရုံးပြောရေးဆိုခွင့်ရှိသူ ယင်ဆရန်းက တရားရုံးအနေဖြင့် ၎င်းတို့အား နိုင်ငံအတွင်းမှနှင်ထုတ်ရန် အမိန့် ချမှတ်ခဲ့သလို ၎င်းတို့အား စွဲချက်တင်ထားမှုများကိုလည်း တရားဝင်ရုတ်သိမ်းရခြင်းမရှိသေးကြောင်း ပြောခဲ့ သည်။

“သူတို့ ကမ္ဘောဒီးယားကထွက်သွားပါပြီ။ သူတို့ရဲ့ပတ်စ်ပို့တွေကို ကျနော်တို့ပြန်အပ်လိုက်ပါပြီ” ဟု သူက ဆိုခဲ့သည်။

နိုင်ငံခြားသားများ၏ရှေ့နေဖြစ်သူ Ouch Sopheaktra က အဆိုပါသတင်းကိုအတည်ပြုပေးခဲ့ပြီး နိုင်ငံအတွင်းမှ နိုင်ငံခြားသား ၇ ဦးထွက်ခွာသွားကြောင်းနှင့် ကျန်ရှိနေသေးသော နိုင်ငံခြားသား ၃ ဦးအတွက် အာမခံတောင်းဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုခဲ့သည်။

စွဲချက်တင်ခံခဲ့ရသည့် နိုင်ငံခြားသား ၁၀ ဦးစလုံးကမူ ၎င်းတို့သည် လိင်စိတ်နိုးကြွစေမည့် ပုံစံဖြင့်ဝတ်စားထားခဲ့ သည်မှာမှန်သော်လည်း အဖော်အချွတ်များပါဝင်ခဲ့ခြင်းမရှိကြောင်းနှင့် ကာမရာဂနိုးကြားစေမည့် ဓာတ်ပုံ၊ဗီဒီယို များ ရိုက်ကူးခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags