ဘိုလစ်ဗီးယားရှိ ကာနီဗယ်လ်ပွဲတော်၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၆ ဦးထက်မနည်းသေဆုံးပြီး ၂၈ ဦးဒဏ်ရာရ

ဘိုလစ်ဗီးယားရှိ ကာနီဗယ်လ်ပွဲတော်၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၆ ဦးထက်မနည်းသေဆုံးပြီး ၂၈ ဦးဒဏ်ရာရ

အော်ရူရို၊ဘိုလစ်ဗီးယား၊ ဖေဖေါ်ဝါရီ ၁၁ ။          ။ ဘိုလစ်ဗီးယားနိုင်ငံရှိ အော်ရူရိုမြို့၌ စနေနေ့က ကာနီဗယ်လ်ပွဲတော်ကျင်းပနေစဉ်တွင် ဂတ်စ်ပေါက်ကွဲမှုဖြစ်ပွား ခဲ့သောကြောင့် ကလေးငယ် ၄ ဦးအပါအဝင် လူပေါင်း ၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၈ ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အော်ရူရိုမြို့ရှိ ရဲတပ်ဖွဲ့မှ ရဲမှူးကြီးက ကနဦးစုံစမ်းစစ်ဆေးမှုများအရ အစားအစာရောင်းသည့်နေရာမှ ဂတ်စ်အိုး တစ်လုံးထဲသို့ ဆီများဖိတ်စင်ခဲ့စဉ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်သည်ဟု သိရှိရကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

ပေါက်ကွဲမှုကြောင့် မီတာ ၅၀ အချင်းဝက်ပတ်လည်ခန့်အတွင်း ထိခိုက်မှုများရှိခဲ့သည်ဟု ရဲမှူးကြီး ရာနာက ဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဘိုလစ်ဗီးယားသမ္မတ အီဗိုမိုရာလက်စ်က သူ့အနေဖြင့် အော်ရူရိုကာနီဗယ်လ်ပွဲ၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ပြောခဲ့သည်။

“ထိခိုက်သေဆုံးခဲ့သူတွေအတွက် မိသားစုနဲ့ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပါတယ်။ ဒဏ်ရာရရှိခဲ့သူတွေကို လိုအပ်တဲ့အကူအညီတွေ ကျနော်တို့ပေးသွားမှာပါ။ ဒီဖြစ်စဉ်ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းနဲ့ပက်သက်လို့လည်း စုံစမ်းမှုတွေလုပ်သွားမှာပါ” ဟု မိုရာလက်စ်က သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

အော်ရူရိုကာနီဗယ်လ်ပွဲတော်သည် တောင်အမေရိကရှိ ပွဲတော်ကြီးများထဲမှ အကြီးမားဆုံးပွဲတော်တစ်ခုဖြစ်ပြီး စနေနေ့က ကျင်းပခဲ့သော ယင်းပွဲတော်၌ ပါဝင်ဆင်နွှဲခဲ့သူ ၄၅၀၀၀၀ ခန့်အထိ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required