ပါတီထောင်ခြင်းသည် တာဝန်ရယူလိုခြင်းဖြစ်ဟု ဦးကိုကိုကြီးပြော

ပါတီထောင်ခြင်းသည် တာဝန်ရယူလိုခြင်းဖြစ်ဟု ဦးကိုကိုကြီးပြော
ဓာတ်ပုံ-EPA
 

မန္တလေး၊ ဖေဖော်ဝါရီ ၁၁ ။          ။ ပါတီတည်ထောင်ခြင်းသည် အာဏာလိုချင်၍ မဟုတ်ဘဲလုပ်ပိုင်ခွင့်နှင့်တာဝန်ရယူလိုခြင်းကြောင့်ဟု နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ဦးဆောင်အဖွဲ့ တာဝန်ခံ ဦးကိုကိုကြီးကပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊နံနက် ၉ နာရီက မန္တလေးမြို့၊၃၅လမ်း၊၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ဆန်းရိုက်(စ်)ဟိုတယ်တွင်ပြုလုပ်သည့် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီရုံး ဖွင့်ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ပါတီထောင်ခြင်းဟာ အာဏာလိုချင်လို့ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်သက်လုံးလည်း အာဏာနဲ့ပတ်သက်လို့ မပတ်သက်ခဲ့ပါဘူး။အခုဆောင်ရွက်တာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ပိုင်ခွင့်နဲ့တာဝန်လိုချင်လို့ ကျွန်တော်တို့ ပါတီထောင်တာဖြစ်ပါတယ်။"ဟု ဦးကိုကိုကြီးက ပြောသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်များ ခွဲဝေထမ်းဆောင်မှသာ နိုင်ငံပြောင်းလဲမှုကို တွန်းနိုင် ရွှေ့နိုင်မည်ဟု ဦးကိုကိုကြီးက ဆိုသည်။

"ဒါကြောင့် ကျွန်တော်တို့ ပါတီထောင်ခြင်းရည်ရွယ်ချက်မှာ ရှစ်လေးလုံးကြွေးကြော်သံဖြစ်တဲ့ ဗဟုဝါဒထွန်းကားရေး အထူးအလေးအနက် ကျွန်တော်တို့ဆောင်ရွက်ပါမယ်။ နောက်တစ်ခု ဒီမိုကရက်သစ် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး။ပေါ်ထွန်းရေးဟာ ကျွန်တော်တို့ရဲ့ အခြေခံကျတဲ့ မူဝါဒဖြစ်ပါတယ်။"ဟု ၎င်းကပြောသည်။

ဆက်လက်၍ ၎င်းက နိုင်ငံရေးသမားများအနေဖြင့် စီးပွားရေးနှင့် အလှမ်းဝေးသော်လည်း စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုအာရုံစိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

"ကျွန်တော်တို့က စီးပွားရေးကို အာရုံစိုက်ဖို့လိုပါတယ်။ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ဖို့လိုပါတယ်။အဲဒီဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ ရေရှည်တည်တံ့မှု မျှတသော ဖွ့ံ့ဖြိုးတိုးတက်မှုဆိုတာကို ပါတီရဲ့ မူဝါဒအဖြစ်ကျင့်သုံးပါမယ်" ဟု ဦးကိုကိုကြီးက ဆိုသည်။

ပါတီမူဝါဒအနေဖြင် နိုင်ငံရေးအရတန်းတူညီမျှမှု၊ ဖက်ဒရယ်ပြည်ထောင်စု၊ရေရှည်တည်တံ့ မျှတသည့်ဖွံ့ဖြိုးတိုးတက်မှုှ၊မူးယစ်ဆေးဝါးကို အမျိုးသားရေးအန္တရာယ်အဖြစ် တိုက်ဖျက်ရန် စသည့် မူဝါဒများ ချမှတ်ထားသည်ဟု ဦးကိုကိုကြီးက ဆိုသည်။

ဦးကိုကိုကြီး ဦးဆောင်သော ရှစ်လေးလုံးပါတီသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly