မောင်တောတွင် လက်လုပ်မိုင်း ၁ဝ လုံးတွေ့ရှိ

မောင်တောတွင် လက်လုပ်မိုင်း ၁ဝ လုံးတွေ့ရှိ
Photo-Ministry of Home Affairs, Myanmar

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၁ ။          ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လူနေထိုင်ခြင်းမရှိသော မဲဒီကျေးရွာရှိ တောင်ကုန်းစောင်းမှ သံချေးတက်နေသည့် လက်လုပ်မိုင်း ၁ဝ လုံးအား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ဝ ရက်၊ နံနက် ၁ဝ နာရီ၊ ၅ဝ မိနစ်အချိန်ခန့်က အဆိုပါ တောင်ကုန်းစောင်းတွင် မသင်္ကာဖွယ် မြေကျင်းအတွင်း ပလပ်စတစ်ပုံးပြတ် ၁ လုံးတွေ့ရှိကြောင်းသတင်းအရ  သွားရောက်စစ်ဆေးခဲ့ရာမှ ယင်းလက်လုပ်မိုင်း ၁ဝ လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကျယ် ၃ ပေ၊ အနက် ၃ ပေ မြေကျင်းအတွင်းရှိ ပလပ်စတစ်ပုံးအတွင်းမှ သံချေးတက်နေသည့် လက်လုပ်မိုင်း ၁ဝ လုံး(ရီမုတွဲ ၅ ၊ ရီမုမတွဲ ၅) လုံးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် လက်လုပ်မိုင်း ၁ဝ လုံးအား တပ်မတော်သားများနှင့် အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခွဆုံကျေးရွာတွင် ပေါက်ကွဲနိုင်သေးသည့် ကားမိုင်းဟောင်းတစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါ ကားမိုင်းမှာ အလျား ၁ဝ လက်မ၊ လုံးပတ် ၁၂ လက်မခန့်ရှိပြီး အောက်ခြေအရင်းတွင် အစိမ်းရောင်တိပ်ကပ် ထားကာ ကိုယ်ထည်တွင် ခဲရောင်တိပ်ဖြင့် ကပ်ထားသည်။

အဆိုပါ ကိုယ်ထည်တွင် ကပ်ထားသည့် ခဲရောင်တိပ်ပေါ်တွင်လည်း AD ဟု ရေးသားထားပြီး ဘတ္ထရီနှင့် ချိတ် ဆက် အသုံးပြုရသော ကားမိုင်းဟောင်း (သက်ရှိ) ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required