တရားမဝင်သစ်များတွေ့ရှိရမှု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ဖမ်းဆီး

တရားမဝင်သစ်များတွေ့ရှိရမှု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ဖမ်းဆီး
(ဓာတ်ပုံ- Sagaing Regional Information Page)

မုံရွာ၊ ဖေဖော်ဝါရီ ၁၁။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် တရားမဝင်သစ်ဖမ်းဆီးရာ၌ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ခဲ့ကြောင်း ဘုတလင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ပိုင်ရှင်မဲ့သစ်ကားတစ်စီးအား တွေ့ရှိခဲ့၍ သွားရောက်ဖမ်းဆီးခဲ့ရာတွင် ဝန်ကြီးချုပ်ကိုယ်တိုင် လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

"ကျွန်တော်က လူမှုကူညီရေးကားတစ်စီးမှာ ယာဉ်မောင်းမရှိလို့ လူနာလိုက်ပို့ပေးနေရတယ်။ အဲ့ဒီမှာ ဝန်ကြီးချုပ်ကိုယ်တိုင်သစ်ဖမ်းတယ်ကြားလို့ ဖုန်းဆက်မေးရတယ်။ ဟုတ်ပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင် သစ်ဆင်းဖမ်းတာပါ" ဟု ဘုတလင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က အတည်ပြုပြောခဲ့သည်။

ယင်းကြောင့် ဘုတလင်မြို့မရဲစခန်းအား ဖေဖော်ဝါရီ ၁၁ ရက်၊ မွှန်းလွှဲချိန်က ဆက်သွယ်မေးမြန်းရာ သစ်တောဌာနမှ တရားမဝင်သစ်များ ဖမ်းဆီးမိကြောင်း ဆက်သွယ်ပြောကြားသဖြင့် လိုက်ပါဖမ်းဆီးခဲ့ကြောင်း၊ သစ်ဖမ်းရာတွင် လာရောက်ကြည့်ရှုသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က တရားခံများအား အမြန်ဆုံးဖမ်းမိစေရေးအတွက် ညွှန်ကြားခဲ့ကြောင်း၊ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါတရားမဝင်သစ်များအား ဘုတလင်မြို့နယ်၊ သစ်ခဲရွာအနောက်ဘက်တွင် ၁၂ ဘီးကားတစ်စီးဖြင့် တင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ရပြီး ဖမ်းဆီးရမိမှုအမာဏကိုမူ ရေတွက်နေဆဲဖြစ်ကြောင်း ဘုတလင်မြို့မရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly