“ ရေကြီးတဲ့ ဘေးကနေ ကာကွယ်လို့ ရနိုင်ပါဦးမလား ”

“ ရေကြီးတဲ့ ဘေးကနေ ကာကွယ်လို့ ရနိုင်ပါဦးမလား ”

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ တိုင်းနဲ့ ပြည်နယ် ၁၂ ခုက ရေကြီးရေလျှံဘေးဟာ အလွန်ကြီးမား ကျယ်ပြန့်ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဘေး အန္တရာယ် ကြုံတုန်းကလို ပြည်သူတွေ သိန်းချီသေဆုံးတာ မရှိပေမယ့် ရေဘေးကျရောက်တဲ့ ဧရိယာ အလွန်ကျယ်ပြန့်တာ၊ ရေဘေးဒဏ်ခံရတဲ့ ပြည်သူအရေအတွက် အလွန်များပြားတာတွေကြောင့် အလွန်ဆိုးရွားတဲ့ သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

မြန်မာ နိုင်ငံလို တိုင်းပြည်လည်း ဆင်းရဲ၊ ပြည်သူလည်း ဆင်းရဲ၊ အစိုးရကိုယ်တိုင်ကလည်း အရည်အသွေး ညံ့ဖျင်းတဲ့ အစိုးရ ဖြစ်နေတဲ့အတွက် ပြည်သူတွေ ပိုပြီး ထိခိုက်ခံစားရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခြေအနေဟာ ၂၀၀၈ နာဂစ် ဘေးအန္တရာယ် ကြုံတုန်းက အခြေအနေနဲ့တော့ ခြားနားသွားပါပြီ။ နှမ်းဖြူးတယ်လို့ပဲ ဆိုဆို၊ ဘတ်ဂျက်ငွေကြေး သိပ်ကြီးကြီးမားမား မစိုက်ထုတ် ဘူးလို့ပဲ ပြောပြော အစိုးရကိုယ်တိုင် နိုင်သလောက်တော့ ကူညီနေပါပြီ။ တပ်မတော်ကလည်း သူ့မှာရှိတဲ့ အင်အားနဲ့ သူ ကူညီနေတာ တွေ့ရပါတယ်။

တခြား လူထုလူတန်းစား အရပ်ဘက် အဖွဲ့ အစည်းတွေကတော့ ဆိုဖွယ်ရာမရှိအောင် ကူညီနေကြတာ တွေ့ရပါတယ်။ ဒါက လက်ရှိ ကြုံတွေ့ နေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲ သက်သာအောင်ဆောင် ရွက်နေကြတာပါ။ တကယ့်တကယ် အရေးကြီးတာက နောင်ခုလို ရေဘေးအန္တရာယ်ကြီးမျိုး မကျရောက်ရလေအောင်၊ ဒါမှမဟုတ် သက်သာရလေအောင်၊ ဘယ်လို တားဆီးကာကွယ်ကြမလဲ ဆိုတဲ့ ပြဿနာ ပါ။ ဘာတွေ လုပ်ကြရ မလဲ ဆိုတဲ့ ကိစ္စပါ။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

လောလောဆယ် ရေကြီးရေလျှံ ဘေးအန္တရာယ်အပြင် တခြားသဘာ၀ ဘေးအန္တရာယ်တွေ ကြုံနေရတာ မြန်မာတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ အိမ်နီးချင်း နိုင်ငံတချို့ဆိုရင် သူ့ရဲ့ တိုင်းပြည်တည်နေရာ အနေအထားကြောင့် နှစ်စဉ်လိုလို သဘာဝ ဘေးအန္တရာယ်တွေ ကြုံနေရ တာပါ။ အဲဒီ နိုင်ငံတွေထဲမှာ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံကတော့ အရင် နှစ်ပေါင်းများစွာ မကြုံဖူးခဲ့ရဘဲ အခုမှ ထူးထူးခြားခြား ဆိုးဆိုးရွားရွား ခံစားရတာမျိုးပါ။ ဒီအတွက် အိမ်နီးချင်းနိုင်ငံတွေမှာ ဘေးအန္တရာယ်ကြုံရတဲ့ကိစ္စ ကိုယ်က ဘာမှ မလုပ်နိုင်ပေမယ့် ကိုယ့်နိုင်ငံ ထဲမှာတော့ ကိုယ်လုပ်နိုင်ပါတယ်။ ကာကွယ်ဖို့ ကြိုးစားမယ်ဆို ကြိုးစားနိုင်သေးပါတယ်။

လက်ရှိ ရေဘေးအန္တရာယ် ကြုံရတာနဲ့ပတ်သက်ပြီး ပညာရှင် အားလုံးလိုလိုက မြန်မာနိုင်ငံ သစ်တောပြုန်းတီးမှုကို ထောက်ပြကြပါတယ်။ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ ဦးဝင်းမျိုးသူ ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ သစ်တောဟာ ၂၀ ရာခိုင်နှုန်းတောင် မကျန်တော့ ဘူးလို့ ဆိုပါတယ်။) နောက်ဆက်တွဲအနေနဲ့ မြစ်ကြောင်းတွေ တိမ်လာတာ၊ ဆည်တွေ အများအ ပြားဆောက်ပြီး Vegetative Cover တွေ ဖန်တီးမထားတဲ့ ပြဿနာတွေကလည်း ခုလို ရေကြီးရေ လျှံမှုတွေကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်ရင်တော့ အရင် စစ်အာဏာရှင်တွေ၊ တရုတ်၊ ထိုင်းနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် တွေ၊ အဂတိလိုက်စားတဲ့ အစိုးရဝန်ထမ်းတွေမှာ အဓိက တာဝန်ရှိပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့မိသားစုပိုင် ကုမ္ပဏီတွေနဲ့ ခရိုနီတွေပိုင် ကုမ္ပဏီတွေကို သစ်အကြီးအကျယ် ခုတ်လှဲ ထုတ်ယူ ခွင့် ပေးခဲ့ပါတယ်။ အရင်ခေတ်ကတော့ အလုံးလိုက် နိုင်ငံခြား တင်ပို့ကြတာမျိုး လုပ်ပါတယ်။ နယ်စပ်က လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း တရုတ်၊ ထိုင်း သစ်ထုတ် ကုမ္ပဏီတွေကို လမ်းဖွင့်ပေးပြီး အကြီးအကျယ် သစ်ထုတ်ယူခွင့် ပေးခဲ့ပါတယ်။

ကချင်ပြည်နယ် တရုတ်-နယ်စပ်မှာဆိုရင် သစ်ကို အလုံးလိုက်တင်မက အမြစ်ပါ နှုတ်ယူသွားသည်အထိ ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကတော့ သူတို့တပ်ဖွဲ့ ရပ်တည်ရေးအတွက် သစ်ထုတ်ရာကနေ ဝင်ငွေရှာရတာလို့ အကြောင်းပြကြပါတယ်။

ခုဆိုရင် အစိုးရဟာ ပြည်ပကို သစ်အလုံးလိုက်ထုတ်ယူခွင့် ပိတ်ပင်ထားပြီးပါပြီ။ ဒါပေမယ့် နယ်စပ်ကနေ သစ်အလုံးလိုက် တန်ချိန်ပေါင်းများစွာ ထုတ်ယူနေတာတွေကိုတော့ မတားဆီး နိုင်ပါဘူး။ ဒီပြဿနာရဲ့ ကွင်းဆက်အဖြစ် ပြည်တွင်းစစ် ရပ်စဲရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အကောင် အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲနိုင်ပြီဆိုတာနဲ့ သစ်ထုတ်ယူနေကြတဲ့ကိစ္စ တိုင်းပြည် ရှေ့ရေးကို မျှော်တွေးပြီး အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ အသေအချာ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ပါတယ်။ ဖြစ်သင့်တာကတော့ သစ်ထုတ်ယူမှုတွေကို နှစ်တိုနှစ်ရှည် စီမံကိန်းတွေချပြီး တဖြည်းဖြည်းလျှော့ချထုတ်ယူတာမျိုး လုပ်ဖို့လိုပါတယ်။ တစ်ပြိုင် နက်တည်း ပြည်တွင်းစစ် ရပ်စဲသွားတာကို အခွင့်ကောင်းယူပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းပြီး လုပ်ကိုင်ဆောင်ရွက် ကြဖို့လိုပါတယ်။

အကြောင်းကတော့ ပြုန်းတီးသွားတဲ့ သစ်တောတွေနေရာမှာ သစ်ပင်တွေ ပြန်စိုက်ဖို့၊ ပြည်သူတွေ သစ်တောကို သိပ်ပြီး ခုတ်ယူသုံးစွဲမှု မလုပ်စေဖို့ ဆိုတာဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုနဲ့ တိုက်ရိုက် ဆက်စပ်နေလို့ပါ။ နောက်ပိုင်း ဆက်စပ် လိုအပ်နေတဲ့ မြစ်ကြောင်း တိမ်ကောလာ တာကို ပြန်လည်ပြုပြင်ဖို့ ကိစ္စ၊ ဆည်တွေရဲ့ ရေဝေရေလဲ နေရာတွေမှာ Vegetative Cover လို့ ခေါ်တဲ့ မြေဆီလွှာ ထိန်းသိမ်းမယ့် အပင်တွေ ပြန်စိုက်နိုင်ရေး ကိစ္စ၊ အဲဒီ အပင်တွေကို ရှင်သန် အောင် ပြုစုပျိုးထောင်ရေး ကိစ္စ အားလုံးဟာလည်း ငွေကြေးလိုအပ်ချက်များပြီး တိုင်းပြည် စီးပွားရေး ကောင်းမှ လုပ်နိုင် မှာဖြစ်လို့ပါပဲ။

ချုပ်ပြီးပြောရရင် ခုလိုသဘာဝ ဘေးအန္တရာယ် ကျရောက်မှု လျော့ပါးလာအောင်ဆိုရင် သစ်အများအပြား ထုတ်ယူနေတာကို ရပ်ဆိုင်းဖို့ လိုပါတယ်။ အဲဒီအတွက် ပြည်တွင်းစစ် ရပ်စဲ ရမှာဖြစ်ပြီး သစ်တော ထိန်းသိမ်းရေးလုပ်ငန်းမှာ အစိုးရတင်မက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေပါ စိတ်ပါ လက်ပါ ပါဝင်လာဖို့ လိုနေပါတယ်။ တစ်ပြိုင်နက်တည်း အစိုးရရော၊ လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေကပါ တိုင်းပြည်နဲ့ ပြည်သူတွေ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေး လမ်းကြောင်းပေါ် ရောက်လာအောင် ပေါ်လစီတွေ ပြောင်းလဲဆောင်ရွက်ကြဖို့ လိုပါတယ်။

တိုင်းပြည်နဲ့ ပြည်သူ စီးပွားဖွံ့ဖြိုးတိုးတက်လာမှသာ သစ်တောထိန်းသိမ်းတာ၊ သစ်ပင်တွေ ပြန်စိုက် တာ၊ ပြည်သူတွေကို ထင်းအစား တခြားလောင်စာ အစားထိုးစေတာ၊ မြစ်ကြောင်း တိမ်ကောတာ ကို ပြုပြင်တာ၊ ဆည်တွေမှာ Vegetative Cover လို့ခေါ်တဲ့ မြေဆီလွှာ ထိန်းသိမ်းမယ့် အပင်တွေ ပြန်စိုက်တာမျိုးတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags