ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အမျိုးသမီးတွေဟာ ရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ သက်သာစေဖို့ ဆေးဝါးတွေ၊ အစားအစာတွေကို အားကိုးတတ်ကြပါတယ်။ ဒါလေးနဲ့သက်သာတယ်ကြားရင် စားကြည့်လိုက်၊ သောက်ကြည့်လိုက်နဲ့ စုံလို့ပါပဲ။ ဒါပေမယ့် အဲဒီလို သက်သာစေတယ်ဆိုတဲ့ အစားအစာတချို့က နောက်ပိုင်းမှာ ရာသီလာစဉ်ဝေဒနာကို ဒီထက်တောင်ပိုဆိုးစေနိုင်တာတွေ ရှိပါတယ်။

လက်ဖက်မစားရဘူး၊ လက်ဖက်ရည်မသောက်ရဘူးဆိုပြီး ပြောလေ့ရှိကြပေမယ့် တကယ်တမ်းမစားသင့်တဲ့အရာတွေကိုတော့ မသိလိုက်ဘဲ စားမိနေကြပါတယ်။ အစားအစာရွေးချယ်မှုမှားတဲ့အခါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ပြုပြင်စီမံထားတဲ့အစားအစာများ

ဗိုက်ပွနေတဲ့ဝေဒနာရဲ့ တရားခံကို သိပါရဲ့လား။ အငန်ဓာတ်ကဲတဲ့ စားစရာတွေပေါ့။ ပြုပြင်စီမံထားတဲ့စားစရာတွေဟာ အငန်ဓာတ်ပါဝင်မှုအများဆုံးအရင်းအမြစ်တွေဖြစ်ပါတယ်။ ထုပ်ပိုးပြီးရောင်းချတဲ့ ရယ်ဒီမိတ်အစားအသောက်တွေကိုရှောင်ပါ။ အာလူးကြော် လိုမျိုး သရေစာတွေအပြင် ဆိုင်ကဝယ်စားတဲ့ အစားအစာတွေကိုလည်း ရှောင်ပါ။

(၂) အယ်ကိုဟောနဲ့ကဖင်းဓာတ်

ကဖင်းနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာတွေက ဆီးရွှင်စေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်က ခန္ဓာကိုယ်ကို မကောင်းတဲ့သက်ရောက်မှုရှိစေနိုင်ပြီး ဝိုင်၊ဘီယာနဲ့ အရက်တွေကိုလည်း ရာသီလာစဉ်အတွင်း ရှောင်ထားသင့်ပါတယ်။ ကော်ဖီတအားသောက်ချင်နေတယ်ဆိုရင် ရေတွေအဝသောက်လိုက်ပါ။ ရေကမှ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး လုပ်ဆောင်ချက်တွေ ချောမွေ့စေမှာဖြစ်ပါတယ်။

(၃) အကြော် အလှော်များနဲ့ ဆီကြော်မုန့်များ

အချိန်ကြာကြာကြော်ထားတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေကို ရှောင်သင့်ပါတယ်။ သူတို့က အက်စထရိုဂျင်ဟော်မုန်းပမာဏကို မြင့်တက်စေနိုင်လို့ပါ။ အက်စထရိုဂျင်ပမာဏကို တည်ငြိမ်အောင်ထိန်းညှိနိုင်ရင် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။

(၄) အဆီများတဲ့အသားများ

အဆီများတဲ့အသားတွေက ရာသီကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်တဲ့ ပြည့်ဝဆီတွေပါဝင်မှုများပါတယ်။ အဲဒိအဆီတွေမှာပါတဲ့ arachidonic acid က prostaglandins  တွေထွက်ရှိစေပြီး prostaglandins  တွေကြောင့် သားအိမ်ကျုံ့စေခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေဖြစ်စေပါတယ်။ အဆီများတဲ့စားစရာတွေ စားသုံးခြင်းကြောင့် ရာသီလာတဲ့ပထမရက်မှာပဲ  ဗိုက်ပွခြင်း၊ ရင်သားတင်းပြီးနာကျင်ခြင်း၊ဝက်ခြံထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

(၅) နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းတွေက ဗိုက်ပွခြင်းကို ပိုဆိုးစေရုံမက နာကျင်ကိုက်ခဲမှုကိုပါ ပြင်းထန်လာစေနိုင်ပါတယ်။ နွားနို့၊ ချိစ်၊ ရေခဲမုန့် တို့လို စားစရာတွေမှာ omega-6 fatty acid တစ်မျိုးဖြစ်တဲ့ arachidonic acid၊ ပါဝင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းခြင်းတို့ကို ပိုဆိုးစေနိုင်ပါတယ်။

(၆) အချိုဓာတ်

ရာသီလာချိန်မှာဆို သွေးတွင်းသကြားဓာတ်က ရိုလာကိုစတာလို ထိုးတက်သွားတာပဲ လို့ ဆရာဝန်တွေကပြောပါတယ်။ အချိုများတာတွေ ပိုစားမိရင် နဂိုကမှ မြင့်တက်နေတဲ့ သကြားဓာတ်ကို မီးလောင်ရာလေပင့်သလို ဖြစ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သကြားဓာတ်က ရောင်ရမ်းမှုကိုအားပေးလို့ နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly