ဖမ်းဆီးထားသော တပ်မတော် စစ်သုံ့ပန်း ၃ ဦးကို KIA က ပြန်လည်လွှဲပြောင်းပေး

ဖမ်းဆီးထားသော တပ်မတော် စစ်သုံ့ပန်း ၃ ဦးကို KIA က ပြန်လည်လွှဲပြောင်းပေး
ဓာတ်ပုံ-ခင်စုကြည် မဇ္ဈိမ

 

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                      ။ KIA က ဖမ်းဆီးထားသော စစ်သုံ့ပန်း ၃ ဦးကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) သို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြန်လည် လွဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)  တပ်မ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းနှင့် တပ်မတော်တို့ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာ KBC ဆုတောင်းတောင်အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သော တပ်မတော် တပ်ဖွဲ့ဝင် ၃ ဦးအား စစ်သုံ့ပန်းပေါ်လစီအရ PCGသို့ ယနေ့ မွန်းလွဲ ၁ နာရီက လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

PCG မှ ဦးလမိုင်ဂွမ်ဂျာ၊ ဦးခပရာခွန်းအောင်၊ ဦးအင်ရှန်းဆန်အောင်တို့က စစ်သုံ့ပန်းများကို ဖားကန့်မြို့နယ် ကထန်ယန်ကျေးရွာတွင် စစ်သုံ့ပန်းများကို ခေါ်ယူခဲ့ပြီး ခမရ တပ်ရင်း ၂၅၅ သို့ ယနေ့ ၆ နာရီခန့်တွင် ပြန်လည် လွဲပြောင်းပေးမည် ဖြစ်ကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ ကေအိုင်အိုက နိုင်ငံတကာ စစ်ဥပဒေအတိုင်း သုံ့ပန်းတွေ ဒဏ်ရာရရင် ဆေးကုသပေးတာပါ၊ အသက်ရှင်သူ တွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ စစ်ဥပဒေအတိုင်း လိုက်နာတာ ဖြစ်တယ်။ တပ်မတော်သား စစ်သုံ့ပန်း ၃ ဦးကို ခေါ်ယူနိုင်ခဲ့ပြီ။ ခုလမ်းမှာဘဲ ရှိသေးတယ်။ ညနေ ၆နာရီလောက်မှာ တပ်ရင်း ၂၅၅ ကို လွှဲအပ်ပေးမယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဆက်လက်၍ သူက “စစ်သုံ့ပန်းတွေကို မသတ်ဘဲ ပြန်ပေးအပ်လိုက်တယ်ဆိုတာက သူပုန်မဟုတ်ဘူး။ နိုင်ငံတကာစစ်ဥပဒေကို လိုက်နာအဖွဲ့ဖြစ်တယ်ဆိုတာကို ပြသတာ ဖြစ်တယ်”ဟု သူက ဆက်ပြောသည်။

အဆိုပါ ၃ ဦးမှ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၅ မှ တပ်မတော်သား တပ်ကြပ် သက်မောင်ထွေး (ကပ -၉၅၉၄၈၃)၊ တပ်သား မျိုးမင်းဇော် (တ-၅၃၂၀၆၆)နှင့် တပ်သား နေဆန်းမင်း (တ-၅၁၂၃၆၀) တို့ ဖြစ်ကြောင်း KIA တပ်ရင်း ၆ က ထုတ်ပြန်ထားသည်။

“ ကျွန်တော်တို့က နိုင်ငံတကာ ဥပဒေကို လိုက်နာတာ ဖြစ်တယ်။ ကျွန်တော်တို့က အဲဒီလို မလုပ်ဘူးဆိုတာကို ပြသတဲ့အနေနဲ့ ကျွန်တော်တို့ စစ်သုံ့ပန်းတွေကို ပြန်အပ်တာ ဖြစ်ပါတယ်”ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များတွင် တပ်မတော်နှင့် KIA အကြား ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသော်လည်း ယနေ့တွင်မူ တိုက်ပွဲ ဖြစ်ပွားသံမကြားရဘဲ တည်ငြိမ်နေသည် ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သောအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ဘကီး ထွန်းထွန်းနောင်တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့တွင် တွေ့ဆုံစဉ် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ၊ ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများ လျော့ချရေးတို့အပါအဝင် ဆွေးနွေးခဲ့ပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ကေအိုင်အေ တပ်ရင်း ၁၄ ဌာနချုပ် အပါအဝင် ကေအိုင်အေ တပ်စခန်းများကို ဖယ်ရှားပေးရန်နှင့် အချို့သော ကေအိုင်အေ တပ်မဟာများ တည်ရှိမှု ကို အသိအမှတ် မပြုနိုင်ကြောင်း ဖိအားပေးဆွေးနွေးခဲ့သည်ဟု KIO က ဖေဖော်ဝါရီလ ၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required