လင်းယုန်စီမံချက်ဖြင့် တစ်ပတ်အတွင်း အမှုပေါင်း ၄၆၃ မှုထိ ရန်ကုန်တွင် ဖမ်းဆီးရမိ

လင်းယုန်စီမံချက်ဖြင့် တစ်ပတ်အတွင်း အမှုပေါင်း ၄၆၃ မှုထိ ရန်ကုန်တွင် ဖမ်းဆီးရမိ
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁ဝ  ။                     ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လင်းယုန်စီမံချက်ဖြင့် ၇ ရက်အတွင်း ဖမ်းဆီးရမိခဲ့သည့် အမှုပေါင်းမှာ ၄၆၃ မှု အထိရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် အမှုပေါင်း ၄၆၃ မှုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့ ထိ ဖမ်းဆီးရမိခဲ့သည့် ပမာဏဖြစ်သည်။

ရဲအက်ဥပဒေဖြင့် အရေးယူမှု၊ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူမှု၊ ပြည့်တန်ဆာအက်ဥပဒေဖြင့် အရေးယူ မှု၊ ၁၉၆၁ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူမှု၊ လောင်းကစားဥပဒေဖြင့် အရေးယူမှု စသည့်ပြစ်မှုများဖြင့် အရေးယူထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

“ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဥပဒေစိုးမိုးနိုင်ဖို့အတွက် တိုင်းအဆင့် အစီအမံတွေနဲ့ ညွှန်ကြားမှုတွေအရ ကျွန်တော်တို့ မြို့နယ်အလိုက်ဆောင်ရွက်နေကြတာပါ။ ခိုးဆိုးလုနှိုက်တွေအပါအဝင် မူးယစ်ဆေးရောင်းဝယ် သုံးစွဲတဲ့သူတွေ၊ ညဘက် အုပ်စုဖွဲ့ ဆိုးသွမ်းနေတဲ့ လူဆိုးလူမိုက်တွေကို အဓိကပစ်မှတ်ထား ဆောင်ရွက်နေ တာပါ။ အခုလက်ရှိမှာလည်း လှည့်ကင်းတွေနဲ့ အင်အား တိုးချဲ့ပြီး အများပြည်သူလုံခြုံရေးအတွက် ဆောင်ရွက်နေကြပါတယ်”ဟု ရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လင်းယုန်စီမံချက်ကို အင်အားတိုးမြှင့် ဆောင်ရွက်ရန် စီစဉ်နေပြီး ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းစနစ် စီမံချက်ကိုလည်း မြို့နယ် ၄၄ မြို့အနက် ၂၅ မြို့နယ်တွင် လုံခြုံရေးပိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းစနစ် (Community Based Policing) စီမံချက်ကို မြို့နယ် ၂၅ မြို့နယ်အပြင် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်ရှိသည့် ၁၉ မြို့နယ်တွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required