ရိုက်တာမှ ဖော်ပြသည့် သတင်းနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် တုံ့ပြန်ရန် မရှိသေး

ရိုက်တာမှ ဖော်ပြသည့် သတင်းနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် တုံ့ပြန်ရန် မရှိသေး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ။           ။ ရိုက်တာသတင်းဌာနမှ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် "မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု" ခေါင်းစဉ်ဖြင့် ဖော်ပြလိုက်သည့် သတင်းနှင့် ပတ်သက်ပြီး လတ်တလောအချိန်တွင် တုံ့ပြန်ရန်မရှိသေးကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွ့ဲမှ ဗိုလ်ချုပ် ထွန်းထွန်းညီက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"လောလောဆယ်တော့မရှိသေးပါဘူး။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးလုပ်ထားတာကို သတင်းထုတ်ပြန်ထားတာ ဖြစ်တဲ့အတွက် လတ်တလောတော့ ဘာမှမရှိသေးပါဘူး" ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ရိုက်တာသတင်းဌာနက ရေးသားသည့် သတင်းနှင့်ပတ်သက်ပြီး မည်မျှ ခိုင်မာမှု ရှိမရှိ ဆိုခြင်းအပေါ် ဆက်လက်စုံစမ်းသွားနိုင်ဖွယ်ရှိနေပြီး သူ့အနေဖြင့် အတိအကျမပြောဆိုနိုင်သေးဟု ဗိုလ်ချုပ် ညီညီထွန်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ ဘင်္ဂါလီ အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရသည့်ကိစ္စကို ရိုက်တာသတင်းဌာနမှ "မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု" ခေါင်းစဉ်ဖြင့် သတင်းရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်း၌ သတ်ဖြတ်ခံရသူများသည် အရပ်သား ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြထား)များသာ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ သီးခြားစုံစမ်းခဲ့ကာ ဘင်္ဂါလီများကို သတ်ဖြတ်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်မှ ဇန်နဝါရီလ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

တပ်မတော်ဘက်မှ ထုတ်ပြန်ချက်အရ ဖမ်းဆီးထားသူများသည် အကြမ်းဖက်သမားများဖြစ်ပြီး သက်ဆိုင်ရာတရားရုံးသို့ ပို့ဆောင်ရန် နယ်မြေအခြေအနေအရ လုံခြုံမှုမရှိသောကြောင့် ယင်းသို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သတ်ဖြတ်မှုနှင့် သက်ဆိုင်သူများကို စစ်ဆေးအရေးယူမှုများပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required