ဗိုလ်တထောင်စေတီတော်၏ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ ထီးတော် အသစ်ပြုလုပ်ပူဇော်မည်

ဗိုလ်တထောင်စေတီတော်၏ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ ထီးတော် အသစ်ပြုလုပ်ပူဇော်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။          ။ ဗိုလ်တထောင်စေတီတော်၏ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ ထီးတော် အသစ်ပြုလုပ်ပူဇော်မည်ဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့   နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့သော စေတီတော် ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ အစည်းအဝေးကို ရန်ကုန်တိုင်းဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။

ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များမှာ ပျက်စီးနေသည့် အခြေအနေ များ ရှိနေပြီး ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နှင့် ဂေါပကအဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ပြီး ပြင်ဆင်ရန်ဆုံးဖြတ်ခဲ့ကြသည်ဟု ဗိုလ်တစ်ထောင်စေတီတော်၏ အလှည့်ကျဂေါပက ဦးမျိုးမြင့်က ပြောသည်။

၄ နှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်းကပ်လေ့ရှိသည့် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီအား ယခုနှစ် အတွက် ရွှေသင်္ကန်းကပ်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအား ခေါ်ယူ၍ စေတီ၏ ကြံခိုင်မှုအပိုင်းကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မြို့မှာ ဒါကတစ်ကယ့်ဘုရားရဲ့ ဆံတော်အစစ်ပေါ့နော်။ ပြင်ပမှာဖူးတွေ့ရတာ ဒီတစ်ဆူပဲရှိတော့တယ်။ ဒါကြောင့်မို့ ဒါကိုတော့ မဖြစ်မနေလုပ်ဆောင်သင့်တယ်လို့ဆုံးဖြတ်ပြီးတော့ ကျွန်တော်တို့ နိုင်ငံတော် သံဃနာယက ဥက္ကဋ္ဌအဖွဲ့ဆရာတော်တွေ၊ သြဝါဒစရိယ ဆရာတော်တွေ၊ နာယကဆရာတော်တွေကို ဆက်လက်တင်ပြပြီးတော့ ယခု စိန်ဖူးတော်၊ ငှက်မြတ်နားတော်တွေကို ထီးတော်တွေကို ပြန်လည်ချပြီးတော့ အသစ်ပြန်လည်ပြုလုပ်ပြီးတော့ တင်လှူပူဇော်မှာဖြစ်ပါတယ်”ဟု ဗိုလ်တထောင်စေတီတော်၏ အလှည့်ကျ ဂေါပက ဦးမျိုးမြင့်က ပြောသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်တည်ထားခဲ့ပြီး ကြံ့ခိုင်ရေးလုပ်ဆောင်မှု နည်းပါးသည့်အတွက် စေတီတော်၏ ကိုယ်လုံးတော်တွင် ရေစိမ့်ဝင်ခြင်းနှင့် အက်ကြောင်းများတွေ့ရသည်ဟု အလှည့်ကျ ဂေါပက ဦးမျိုးမြင့်က ပြောသည်။

ယနေ့ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required