အင်းဒင်ကျေးရွာ လူသတ်မှုနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနမှ ဖော်ပြချက်နှင့် တပ်မတော်မှ ဖော်ပြချက်

အင်းဒင်ကျေးရွာ လူသတ်မှုနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနမှ ဖော်ပြချက်နှင့် တပ်မတော်မှ ဖော်ပြချက်
ဒီဇင်ဘာလ ၁၉ ရက်က ရုပ်အလောင်းများ တူးဖော်နေစဉ်။ ဓာတ်ပုံ-MOI

 

အင်းဒင်ကျေးရွာ လူသတ်မှုနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနမှ ရေးသားချက်

-------------------------------------------------------------------------

ပူးတွဲ ချည်နှောင်၍ ဖမ်းဆီးခံထားရသော ရိုဟင်ဂျာ ၁၀ ဦးသည် ၎င်းတို့၏ ဗုဒ္ဓဘာသာ အိမ်နီးချင်းများ မြေကျင်းတူးနေသည်ကို ကြည့်ရှုနေခဲ့သည်။ ထို့နောက်များမကြာမီကာလဖြစ်သော စက်တင်ဘာလ ၂ ရက်နေ့ နံနက်ခင်း၌ ၁၀ ဦးစလုံး သေဆုံးခဲ့သည်။ အနည်းဆုံး နှစ်ဦးအား ဗုဒ္ဓဘာသာ ရွာသားများမှ သေသည် အထိ ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသူများကိုမူ စစ်သားများမှ ပစ်သတ်ခဲ့ကြောင်း မြေတူးခဲ့သူများထဲမှ နှစ်ဦးက ဆိုသည်။

ဤသတ်ဖြတ်မှုများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုများ၏ အခန်းဆက်ထဲမှ နောက်ထပ် အခန်းတွဲ အပိုင်း တစ်ခုဟု သတ်မှတ်ရပေမည်။ ရိုဟင်ဂျာများမှ စစ်တပ်အား မီးရှို့ ဖျက်ဆီးမှု၊ အဓ္ဓမပြုကျင့်မှုများနှင့် သတ်ဖြတ်မှုများအတွက် စွပ်စွဲ ထားသည်။ မြန်မာ တာဝန်ရှိသူများမှ ၎င်း၏ “နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှု” သည် ဆူပူသောင်းကျန်းသူများ၏ တိုက်ခိုက်မှုများအား တရားဝင် တုံ့ပြန်ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း ဆိုသည်။

Reuters သတင်းဌာနသည် အင်းဒင်ရွာတွင် ဖြစ်ပေါ်ခဲ့သည့် သတ်ဖြတ်မှုများ မတိုင်ခင်နေ့ရက်များမှ အခြေအနေများ ကို စပ်ဆက်ပုံဖော်နိုင်ရန် ကြိုးပမ်းခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင် ရွာသားများ၏ အင်တာဗျူးမေးမြန်းမှုများမှ တဆင့် ၎င်းတို့မှ ရိုဟင်ဂျာနေအိမ်များအား မီးရှို့ဖျက်ဆီးကာ မူစလင်များအား သတ်ဖြတ်၍ ရုပ်အလောင်းများအား မြှုပ်နှံခဲ့ကြောင်း ဖွင့်ဟဝန်ခံချက်ကို ပထမဆုံးအနေဖြင့် ရရှိခဲ့သည်။

ဤမှတ်တမ်းသည် စစ်သားများနှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ဓာတ်ပုံ သက်သေ အထောက် အထားများနှင့် လုံခြုံရေး ဝန်ထမ်းများထံမှ သက်သေထွက်ဆိုချက်များ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည့် အမှတ်အသား တစ်ခုလည်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင် ကျေးရွာလူကြီးတစ်ဦးမှ Reuters သတင်းဌာနသို့ ထောက်ပံ့ခဲ့သော ဓာတ်ပုံသုံးပုံသည် လုံခြုံရေး တပ်သားများမှ ရိုဟင်ဂျာ အမျိုးသားများအား ထိန်းသိမ်းထားသည့် စက်တင်ဘာလ ၁ ရက်နေ့ ညနေခင်း အစောပိုင်း အချိန်မှ ရိုဟင်ဂျာ အမျိုးသားများ သတ်ဖြတ်ခြင်းခံရသည့် စက်တင်ဘာလ ၂ရက်နေ့ မနက် ၁၀နာရီ ကျော်ခန့် အထိ  အဓိက သော့ချက်ကျသော အခိုက်အတန့်များအား ဖမ်းယူ ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်သည်။

Reuters ၏ စုံစမ်းစစ်ဆေးခြင်းများကြောင့် ရဲအရာရှိများ မှ သတင်းဌာန၏ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရခိုင်နှင့်ဆက်နွယ်သော လျှို့ဝှက် စာရွက်စာတမ်းများအား ရယူထားသည် ဟူသော စွပ်စွဲချက်နှင့်အတူ ဒီဇင်ဘာလ ၁၂ ရက် နေ့က ဖမ်းဆီးခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် Reuters သတင်းဌာနမှ ပြင်ဆင်နေခဲ့သည့် သတင်း၏ အစိတ်အပိုင်းဖြစ်သော အင်းဒင်အရပ်တွင် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရသည်ကို အတည်ပြုသည့် ထွက်ဆိုချက်တစ်ခုကို စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်တပ်မှ ထုတ်ပြန်ထားသည့် ဖြစ်စဉ်ပုံစံသည် Reuters သတင်းဌာနသို့ ရခိုင်ဗုဒ္ဓဘာသာဝင်နှင့် ရိုဟင်ဂျာ မူစလင် သက်သေများတို့မှ ပေးထားသော မှတ်တမ်းများ နှင့် အရေးပါသည့် အချက်အလက်များတွင် ကွဲလွဲနေသည်ကို တွေ့ ရှိရသည်။

စစ်တပ်အဆိုရမူ အဆိုပါအမျိုးသား ၁၀ ဦးသည် လုံခြုံရေးတပ်များအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား ၂၀ဝ ထဲမှ ဖြစ်သည်ဟု ဆိုသည်။ သို့သော် ဗုဒ္ဓဘာသာဝင် ရွာသားများအား ဤဆောင်းပါးအတွက် အင်တာဗျူးမေးမြန်းချက်များ တွင်မူ ၎င်းတို့မှ အင်းဒင်ရှိ လုံခြုံရေးတပ်များအပေါ် ပမာဏများပြားသော သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုမျိုး မရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။ ထို့ပြင် ရိုဟင်ဂျာသက်သေများမှ Reuters သတင်းဌာနသို့ ပြောကြားချက်အရမူ စစ်သားများသည် အနီးနားကမ်းခြေတစ်ခု၌ ခိုလှုံနေခဲ့သော ရိုဟင်ဂျာများထဲမှ ၁၀ ဦးအား ဆွဲထုတ်သွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ရခိုင် ဗုဒ္ဓဘာသာဝင် ရွာသားများ၊ စစ်သားများ၊ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ၊ ရိုဟင်ဂျာများနှင့် ဒေသခံ အုပ်ချုပ်ရေးမှူးများ နှင့် အင်တာဗျူးမေးမြန်းမှုများအရ ဆက်လက်တွေ့ ရှိရသည်မှာ -

- စစ်တပ်နှင့် လက်နက်ကိုင် ရဲတပ်သားများ သည် ရိုဟင်ဂျာနေအိမ်များအား မီးရှို့ ဖျက်ဆီးရန် အင်းဒင်နှင့် အခြားကျေးရွာ အနည်းဆုံး နှစ်ရွာလောက်မှ ဗုဒ္ဓဘာသာဝင် အရပ်သားများအား စုစည်းခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် ရွာသားများမှ ပြောဆို ခဲ့သည်။

- အင်းဒင်ရှိ ရိုဟင်ဂျာ ရွာငယ်များအား “ရှင်းလင်းရန်” အမိန့်သည် စစ်တပ်မှ စတင်ခြင်းဖြစ်ပြီး အဆင့်ဆင့် ရရှိလာသော အမိန့်ဖြစ်ကြောင်း လက်နက်ကိုင် ရဲအရာရှိ သုံးဦးနှင့် ပြည်နယ်မြို့တော်စစ်တွေရှိ   ထောက်လှမ်းရေးယူနစ်မှ လေးယောက်မြောက် ရဲအရာရှိတို့က ဖြေကြားခဲ့သည်။

- လက်နက်ကိုင်ရဲတပ်သားများအချို့သည် နွားများ၊ မော်တော်ဆိုင်ကယ်များ အပါအဝင် ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများအား ပြန်လည်ရောင်းချရန်အတွက် လုယူသိမ်းပိုက်ခဲ့ကြောင်း အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင်အုပ်ချုပ်ရေးမှူးနှင့် လက်နက်ကိုင် ရဲအရာရှိ များထဲမှ တစ်ဦး၏အဆိုအရ သိရှိရသည်။

 အစိုးရ၏ ပေါ်လစီမှာ အလွန်ရှင်းလင်းသည်ဟု ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။ “လူအခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူး လို့ ငြင်းဆန်နေမှာ မဟုတ်ဘူး။ ပြီးတော့ အသလွတ် ငြင်းဆန်မှုတွေ လုပ်နေတာ မဟုတ်ပါဘူး။” အကယ်၍ အလွဲသုံးစားမှုတွေနဲ့ ပတ်သက်တဲ့ “ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်း သက်သေတွေ” ရှိရင် အစိုးရက စုံစမ်းစစ်ဆေး သွားမည် ဖြစ်သည် ဟု သူက ဆိုသည်။

“ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မူရင်း သက်သေတွေရရင် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လို့ရတယ်။ ပြီးတော့ ချိုးဖောက်မှုတွေ ရှိကြောင်း သက်သေအထောက်အထားတွေ မှန်မှန်ကန်ကန် တွေ့ရှိရင် ကျွန်တော်တို့ အနေနဲ့ တည်ဆဲဥပဒေတွေ အတိုင်း လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်။”

သူက စစ်တပ်၏ ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။ “ဘယ်သူက စပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တာလည်း ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နားလည်ဖို့ လိုအပ်တယ်။ အဲ့ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဥပရောနိုင်ငံမှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ယူအက်စ် မှာ လန်ဒန် မှာ နယူးရော့ခ်မှာ ဝါရှင်တန်မှာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် မီဒီယာတွေက ဘာပြောမလဲ။”

စစ်တပ်ထံမှ မှတ်ချက် တောင်းဆိုမှု အပေါ် ပြန်လည်တုန့်ပြန်ခြင်း မရှိခဲ့ပါ။

စင်စစ် ဤဖြစ်ရပ်များသည် ရိုဟင်ဂျာပုန်ကန်သူများမှ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲကင်းစခန်းများနှင့် စစ်တပ်ရင်း ဌာနချုပ် တစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့သည် သြဂုတ်လ ၂၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ အင်းဒင်ရှိ ရာချီသော ဗုဒ္ဓဘာသာဝင် ရွာသားများသည် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ခိုလှုံအကာကွယ်ယူခဲ့ရသည်။ သြဂုတ်လ ၂၇ ရက်နေ့တွင်မူ ကျေးရွာသို့ မြန်မာ့ ခြေလျှင်တပ်ရင်း ၃၃ မှ တပ်သား ၈၀ ခန့် ရောက်ရှိလာခဲ့သည်။

ဗုဒ္ဓဘာသာဝင် ရွာသားငါးဦး၏ ပြောကြားချက်အရ စစ်တပ်တာဝန်ရှိ အရာရှိဖြစ်သူမှ ၎င်းတို့အား လုံခြုံရေးဆောင်ရွက်မှုများ အတွက် လုပ်အားပေးပါဝင် နိုင်ကြောင်း ပြောဆိုခဲ့သည် ဟု သိရှိရသည်။ အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင်  ရွာသားများပါဝင်သော “လုံခြုံရေးအဖွဲ့” မှ ပါဝင်လိုသူများကို အဆိုပါ စစ်တပ်အရာရှိက တွေ့ ရှိစုစည်းခဲ့သည် ဟု အဖွဲ့ဝင်များ နှင့် ရွာသားများ က ဆိုသည်။

နောက်ပိုင်းနေ့များတွင်မူ စစ်သားများ၊ ရဲနှင့် ဗုဒ္ဓဘာသာဝင် ရွာသားများသည် အင်းဒင်ရှိ ရိုဟင်ဂျာမူစလင်များ၏ နေအိမ်အများစုအား မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် ရွာသား တစ်ဒါဇင်မှ ဆိုသည်။

ရဲတစ်ဦးက ၎င်း၏ အုပ်ချုပ်သူအရာရှိသည် ၎င်းအား ရိုဟင်ဂျာများနေထိုင်သည့် ဧရိယာများကို “သွားရောက် ရှင်းလင်းရန်” နှုတ်မိန့်ပေးခဲ့ပြီး၊ ၎င်းမှမူ ဤသည်မှာ မီးရှို့ဖျက်ဆီးပစ်ရန်ဖြစ်ကြောင်း အနက်ကောက်ယူခဲ့သည် ဟု ဆိုသည်။ ဒုတိယ ရဲတစ်ဦး မှ  ၎င်းပါဝင်ခဲ့သည့် အင်းဒင်ရွာ၏ မြောက်ဘက်ရှိ ကျေးရွာများအပေါ် ကျူးလွန်သည့် ဝင်ရောက် စည်းနင်းမှုများ အကြောင်း ဖော်ပြ ပြောဆိုခဲ့သည်။ လုံခြုံရေးတပ်သားများသည် အရပ်သားအင်္ကျီများနှင့် ဘောင်းဘီများအား ဝတ်ဆင်၍ ရွာသားများကြားတွင် ရောနှောနေစေရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းဒုတိယမြောက် ရဲနှင့် အင်းဒင်ရှိ ဗုဒ္ဓဘာသာဝင် အုပ်ချုပ်ရေးမှူး မောင်သိန်းချေတို့ထံမှ ကြားသိရသည်။ 

ရိုဟင်ဂျာများ အင်းဒင်မှ ထွက်ပြေးသွားပြီးသည့်နောက် ဗုဒ္ဓဘာသာဝင် ရွာသားများသည် ၎င်းရိုဟင်ဂျာများ၏ ကြက်များ၊ ဆိတ်များအပါအဝင် ပိုင်ဆိုင်မှုများအား သိမ်းယူခဲ့ကြောင်း ဗုဒ္ဓဘာသာဝင်ဒေသခံများမှ Reuters သတင်းဌာနသို့ ပြောကြား ခဲ့သည်။ သို့သော် တန်ဖိုးကြီးမားသည့် မော်တော်ဆိုင်ကယ်များနှင့် နွားများကဲ့သို့သော ပစ္စည်းအများစုကိုမူ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ တပ်မှူးဖြစ်သူ သန့်ဇင်ဦးက သိမ်းယူသွားခဲ့ပြီး ရောင်းချခဲ့ကြောင်း ပထမရဲအရာရှိနှင့် ကျေးရွာအုပ်ချုပ်သူတို့မှ ထွက်ဆိုခဲ့ကြသည်။

တပ်မှူးဖြစ်သူ သန့်ဇင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိခဲ့ပါ။

 ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီး မျိုးသူစိုး က ရဲတပ်ဖွဲ့ ဝင်များမှ ကျေးရွာများကို မီးရှို့ခြင်း သို့မဟုတ် အရပ်ဝတ်များ ဝတ်စားခြင်း တို့နှင့် သက်ဆိုင်သည့် သာဓကဖြစ်ရပ်မျိုးကို သူ မသိကြောင်း ပြောသည်။ “သွားရှင်းပစ်” (သို့မဟုတ်)ကျေးရွာတွေကို  “မီးရှို့ပစ်” ဆိုတဲ့ အမိန့် မျိုး မရှိဘူး ဟု သူက ဆိုသည်။

“ဒါက လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ ခင်ဗျ။” ဟု သူက ရိုက်တာကို ပြောပြသည်။ “တကယ်လို့ အဲ့လို ဟာမျိုး ရှိတယ်ဆိုရင် တရားဝင် တင်ပြပေါ့ ဒါ ကျွန်တော်တို့ တရားဝင် စုံစမ်းရမယ့် အခြေအနေတွေပါ။”

“ဒါပေမယ့် အခု ခင်ဗျားတို့ ပြောတဲ့ ဟာအရ ဆိုရင်တော့ ကျွန်တော်တို့က စုံစမ်းပြီး ပြန်တော့ လေ့လာကြည့်ပါမယ် ခင်ဗျ။ ဒါပေမယ့် လောလောဆယ်တော့ ကျွန်တော် ပြောချင်တာကတော့ လုံခြုံ ရေး တပ်ဖွဲ့ ဝင်များ အနေနဲ့ ကတော့ သတ်မှတ်ထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ ရှိတယ်။ အဆင့်ဆင့် ကွပ်ကဲမှုတွေ ရှိတယ်။ အဲ့ဒီ အပေါ် မှာ လိုက်နာ ဆောင်ရွက်ရတဲ့ ကြောင့်မို့ ဒီဖြစ်စဉ်တွေတော့ ကျွန်တော်တို့ သိပ်တော့ မထင်ဘူးပေါ့နော်။”

စက်တင်ဘာလ ၁ ရက်နေ့တွင် အင်းဒင်ရှိ ရိုဟင်ဂျာ ရာချီသည် အနီးနား ကမ်းခြေတစ်ခုသို့ သွားရောက်ခိုလှုံခဲ့ကြောင်း သက်သေများမှ ထွက်ဆိုခဲ့သည်။ အသတ်ခံရမည့် ၁၀ ဦးမှာ ၎င်းတို့ထဲမှ ဖြစ်သည်။ ငါးဦးသည် ငါးဖမ်းသမားများ သို့မဟုတ် ငါးရောင်းချသူများဖြစ်ကြပြီး၊ နှစ်ဦးမှာမူ စတိုးဆိုင်များ ဖွင့်ထားကြသည်၊ ကျန်နှစ်ဦးသည် ကျောင်းသားများ ဖြစ်ကြပြီး၊ နောက်ဆုံးတစ်ဦးမှာမူ အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်သည်။

ရိုဟင်ဂျာသက်သေများမှ ပြောကြားချက်အရ အစ္စလာမ်ဘာသာရေး ဆရာဖြစ်သူ Abdul Malik သည် စားသောက်ရန် အစား အသောက်များနှင့် ခိုလှုံဖို့အတွက် ဝါးများရှာဖွေရန် ၎င်း၏ ကျေးရွာသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။ ကမ်းခြေသို့ ၎င်းပြန်ရောက်လာချိန်တွင် စစ်သားများ နှင့် လက်နက်ကိုင် ဗုဒ္ဓဘာသာဝင် ရွာသားများ (အနည်းဆုံး ခုနှစ်ဦးခန့်)  သည် ၎င်းနောက်မှ လိုက်ပါ လာခဲ့ခြင်းဖြစ်သည်။ စစ်တပ်သည် ရိုဟင်ဂျာများအား ခေါ်ယူပြီး နောက် အမျိုးသား ၁၀ ဦးအား ရွေးချယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ဤသက်သေများမှ ထွက်ဆိုခဲ့သည်။

အဆိုပါညနေခင်း၌ ရိုက်ကူးထားသော ဓာတ်ပုံတွင် ၎င်းပုဂ္ဂိုလ် ၁၀ ဦး ရွာလမ်းကြားတစ်ခုပေါ်၌ ဒူးထောက်နေသည်ကို တွေ့ ရှိရပေမည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ၎င်းတို့အား သင်္ချိုင်းတစ်ခုအနီးသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် ရွာသားများမှ ဖွင့်ဟထွက်ဆိုခဲ့ပြီး၊ အဆိုပါနေရာတွင် ၎င်းတို့ကို ဓာတ်ပုံရိုက်ကူးထားသည် ကို တွေ့ ရှိရသည်။ လုံခြုံရေးဝန်ထမ်းများသည် ဒေသခံ ဗုဒ္ဓဘာသာဝင် လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်နီ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ၎င်းတို့အား မေးမြန်းခဲ့ကြောင်း ရခိုင်လူကြီးတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာများတို့မှ ၎င်းတို့အနေနှင့် အဆိုပါလယ်သမားပျောက်ဆုံးမှုသည် ၎င်းရိုဟင်ဂျာ ၁၀ ဦးနှင့် ချိတ်ဆက်နေကြောင်း သက်သေအထောက်အထား တစ်စုံတစ်ရာမရှိကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

စစ်သားများမှ ဖမ်းဆီးခံရသူများအား ၎င်းတို့ကို သတ်မည့်နေရာသို့ ခေါ်ဆောင်သွား သည်ကို ၎င်းတို့မှာ ကြည့်ရှုနေခဲ့ရကြောင်း ဗုဒ္ဓဘာသာဝင် သုံးဦးမှ သက်သေထွက်ဆိုခဲ့သည်။ ကျင်းတူးသူတစ်ဦးဖြစ်သည့် အငြိမ်းစားစစ်သား စိုးချေအဆိုအရ ဦးမောင်နီ၏သားများ အား တာဝန်ရစစ်တပ်အရာရှိမှ ဖိတ်ကြားခဲ့ပြီး၊ ပထမဆုံး သတ်ဖြတ်မှုကို ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။ ပထမဆုံးသားဖြစ်သူသည် အစ္စလာမ်ဘာသာရေးဆရာ Abdul Malik ၏ ဦးခေါင်းအား ခုတ်ဖြတ်ခဲ့ကြောင်း စိုးချေမှ ထွက်ဆိုသည်။ ဒုတိယသားဖြစ်သူသည် နောက်ထပ်အမျိုးသားတစ်ဦး၏ လည်ပင်းအား ခုတ်ဖြတ်ခဲ့သည်။

ရခိုင်လူကြီးတစ်ဦးမှ Reuters သတင်းထောက်များထံသို့ သတ်ဖြတ်ပြီးနောက် ရိုက်ကူးထားသည့် ဓာတ်ပုံအား ပေးအပ်ခဲ့သည်။ ၎င်းအနေနှင့် မည်သည့်အတွက်ကြောင့် Reuters သတင်းဌာနထံသို့ ဤအချက်အလက်များ မျှဝေဖို့ရွေးချယ်ခဲ့ကြောင်း မေးမြန်းရာ ၎င်းမှ - “ဒီကိစ္စမှာ ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ဒီလိုမျိုး အနာဂါတ်မှာ ထပ်ဖြစ်မှာကို မလိုလားဘူး" ဟု ၎င်းမှ ဆိုခဲ့သည်။

 

အင်းဒင်ကျေးရွာမှ လူသတ်မှုနှင့်ပတ်သက်ပြီး တပ်မတော်မှ သတင်းထုတ်ပြန်ချက်

-------------------------------------------------------

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော် လိုသူတစ်ဦးက သတင်းပို့တိုင်ကြားလာမှု အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့မှုရှိ/မရှိ စစ်ဆေးရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးသည့် အဖွဲ့ဝင် ၅ ဦးပါဝင် သောစုံစမ်းစစ်ဆေးရေး အဖွဲ့သည် အခင်းဖြစ်ပွားရာ နယ်မြေဒေသသို့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်အထိ အင်းဒင်ကျေးရွာ အုပ်စုအတွင်းရှိ အခင်းဖြစ်ပွားခဲ့သည့်နေရာများကို သွားရောက်၍ တပ်မတော်သား သက်သေ ၂၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲ မှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ၆ ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးတို့ကို စစ်ဆေးခဲ့ သည်။

စစ်ဆေးတွေ့ရှိချက်များအရ အင်းဒင်ကျေးရွာအုပ်စုတွှင် တိုင်းရင်းသားရွာ များဖြစ်သော အင်းဒင်(ရခိုင်)ရွာ၊ ပဲရုံ(နတလ)ရွာ ၂ ရွာနှင့် ဘင်္ဂါလီရွာ ၃ ရွာပါဝင် ကြောင်း၊ တိုင်းရင်းသား ၂ ရွာတွင် အိမ်ခြေ ၁၇၆ လုံး၊ လူဦးရေ ၈၄၀ ဦးရှိပြီး ဘင်္ဂါလီ ၃ ရွာတွင် အိမ်ခြေ ၈၀၀ လုံး၊ လူဦးရေ ၆၀၀၀ ဦးခန့်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တိုက်ခိုက် မှုဖြစ်ပြီးနောက်ပိုင်း ဘင်္ဂါလီများမှာ တိုင်းရင်းသားများ အပေါ် တင်းမာစွာဆက်ဆံပြီး ခြိမ်းခြောက်မှုများပြုလုပ်လာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် အင်းဒင်ကျေးရွာသား ဦးမောင်နီအား ဘင်္ဂါလီအကြမ်းဖက်သမားများက လယ်တော သို့သွားစဉ် ဝိုင်းဝန်းဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့သတ်ဖြတ်ခဲ့ခြင်းကြောင့် ဦးမောင်နီ ၏ မိသားစုဝင်များသည် ဘင်္ဂါလီများအပေါ် စိတ်နာကျည်းလျက်ရှိကြောင်း၊ ၎င်းအပြင် အင်းဒင်ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများက သြဂုတ် ၂၅ ရက်မှ စတင်၍ အင်းဒင် တိုင်းရင်းသားရွာကို တုတ်၊ ဓားများကိုင်ပြီး အဝေးမှ နေ့/ညလူအုပ်ဖြင့် ဝိုင်းဝန်း ခြိမ်းခြောက်ကြကြောင်း၊ ဘင်္ဂါလီရွာဘက်မှ အသံချဲ့စက်ဖွင့်၍ “ငါတို့က ကျား၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်သားတွေရဲ့ အသားကို စားမည်၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်သားတွေကို လည်လှီးပြီး ကုန်ရ်ဘာပွဲ(အစ်ပွဲ) ပြုလုပ်မည်၊ ဒီမြေ၊ ဒီလယ်တွေ ကို ငါတို့ပိုင်ရမည်၊ ဒီဒေသကို ငါတို့သိမ်းပိုက်မည်” ဟု ထပ်ခါတလဲလဲ ဘင်္ဂါလီဘာသာဖြင့် ညာသံပေး၍ ခြိမ်းခြောက်မှု များရှိခဲ့ကြောင်း၊ ရွာသားများသည် ကြောက်ရွံ့ထိတ်လန့်လျက် အိမ်တွင်မနေရဲဘဲ အင်းဒင်ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် သွားရောက်စုပေါင်း နေထိုင်ခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ကျေးရွာများ၏ အကူအညီတောင်းခံမှုအရ အချိန်မီရောက်ရှိလုံခြုံရေးဆောင်ရွက်ပေးခဲ့ရကြောင်း တွေ့ရှိရသည်။

အင်းဒင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် ပင်လယ်ကမ်းစပ်ဘက် သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား ၂၀၀ ဦးခန့်က တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် သေနတ်မိုးပေါ်ထောင်ဖောက်၍ သတိပေးတား မြစ်ခဲ့ပြီးနောက် ဘင်္ဂါလီများထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရသည်။

ဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား စက်တင်ဘာ ၁ ရက် ညပိုင်းတွင် စာသင်ကျောင်း၌ ချုပ်နှောင်ထားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး မေးမြန်းချက်များအရ ၎င်းတို့သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်မှုရှိနေကြောင်း၊ ကျေးရွာတွင်နေထိုင်စဉ် မော်လဝီဆရာများက အကြမ်းဖက်လုပ်ငန်းများတွင် အဖွဲ့ဝင် အဖြစ်ပါဝင်ဆောင်ရွက်ရန် စည်းရုံးခံထားရသူများဖြစ်ကြောင်းသိရှိရသည်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း အင်းဒင်နယ်မြေရဲစခန်းရှိ မော်တော်ယာဉ် ၂ စီးအား သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလတွင် ၎င်းနယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအား ဖြန့်ခွဲဆောင်ရွက် နေရသည့်အတွက် ၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ရဲစခန်းသို့ လက်ဆင့်ကမ်းပို့ဆောင်နိုင်သည့် အခြေအနေ မရှိခြင်းတို့ကြောင့် ၎င်းတို့အား သုဿန်သို့ ခေါ်ဆောင်သတ်ဖြတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား စာသင်ကျောင်း၌ ဖမ်းဆီးထိန်း သိမ်းထားရာမှ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီတွင် အင်းဒင်ကျေးရွာ ပဲရုံသုဿန်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းသို့ခေါ်ဆောင်စဉ် အင်းဒင်ရွာသားများက လမ်းပြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့နောက်တွင် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီ၏ သားများအပါအဝင် ရွာသား ၁၀ ဦးကလည်း ဓားနှင့် ပေါက်ပြားများကိုင်ဆောင်၍ လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ပဲရုံသုဿန်ရောက်ရှိချိန်တွင် ရွာသားအချို့က တောင်ကုန်း ၂ ခုကြား လျှိုအတွင်း ကျင်းတူးခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏ သားဖြစ်သူ ၂ ဦးနှင့် ရွာသား ၁ ဦးတို့က ဘင်္ဂါလီအကြမ်းဖက် သမားများကို ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ၎င်းနောက်ရုန်းရင်းဆန်ခတ်ဖြစ်နေသဖြင့် ကျင်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကလည်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ပေါ်ပေါက် ခဲ့သည်။

အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးသည် အကြမ်းဖက်တိုက် ခိုက်မှုများတွင် ပါဝင်ပတ်သက်သူများဖြစ်ခြင်း၊ ၎င်းတို့ဘင်္ဂါလီရွာသားများမှ ဦးမောင်နီ အား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း၊ တိုင်းရင်းသားများအား ခြိမ်းခြောက် အနိုင်ကျင့် မှုများရှိခဲ့ခြင်းတို့ကြောင့် တိုင်းရင်းသားများမှ စိတ်နာလျက်ရှိပြီး ပြန်လည်လက်စားချေ သတ်ဖြတ်လို စိတ်များဖြစ်ပေါ်လျက်ရှိရာမှ ဖမ်းဆီးရမိဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦး အား သတ်ဖြတ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်တွင် အင်းဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ပါဝင်ပတ်သက်သူရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသော်လည်း ကွပ်ကဲရန်တာဝန်ရှိသူများကိုလည်း လိုအပ်သလိုဖော် ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးယူဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကိုလည်း သတင်းထုတ်ပြန် သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly