နိုင်ငံ့ဝန်ထမ်းများအတွက် ကျပ် ၉၈ သိန်းမှ စတင်သော တန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာများ ရောင်းချသွားမည်

နိုင်ငံ့ဝန်ထမ်းများအတွက် ကျပ် ၉၈ သိန်းမှ စတင်သော တန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာများ ရောင်းချသွားမည်
ရန်ကုန်တိုင်း အစိုးရ၏ တန်ဖိုးသင့် ရတနာနှင်းဆီ အိမ်ရာစီမံကိန်းအား တွေ့မြင်ရစဉ်။

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။                      ။ ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကျပ် ၉၈ သိန်း မှ အများဆုံး ကျပ် ၁၃၅ သိန်း တန်ဖိုးရှိ တန်ဖိုးသင့် ၊ တန်ဖိုးနည်းအိမ်ရာများကို   နိုင်ငံဝန်ထမ်းများအတွက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် နေထိုင်ရာ စီစဉ်ပေးရန် အစီအစဉ် ရှိမရှိ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ အမေးကို ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး စတုတ္တနေ့အစီအစဉ်၌ ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ ဆောက်လုပ်ပြီး ဖြစ်သော တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများ မှ ၁၅ ရာခိုင်နှုန်းကို လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်မှ စတင်ရောင်းချပေးမည် ဖြစ်သည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများမှာ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း (၂) နှင့် (၃)၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာ၊ ကနောင်အိမ်ရာတို့ ပါဝင်မည်ဖြစ်ပြီး အိမ်ခန်းစုစုပေါင်း ၁၆၃၂ခန်း ပါဝင်မည်ဖြစ်သည်။ တန်ဖိုးသင့် အိမ်ရာ ၅၇၆ ခန်းရှိပြီး လှိုင်သာယာမြို့နယ်ရှိ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ အိမ်ရာနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ အိမ်ရာတို့ ပါဝင်နေသည်။

လက်ရှိ တည်ဆောက်ပြီးစီးထားသည့် အိမ်ရာများမှ အိမ်ခန်း ၂၂၀၈ ခန်းကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် နေ့တွင် စတင်ရောင်းချသွားမည်ဟု ဈေးနူန်းရှိနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးယုခိုင်က ခန့်မှန်းပြောဆိုထားသည်။

ထိုသို့ ဝယ်ယူရန် လျှောက်ထားရန် လိုအပ်သည့်သတ်မှတ်ချက်များကို နိုင်ငံပိုင်သတင်းစာများမှတဆင့် ဖော်ပြကြေညာပေးမည်ဖြစ်ပြီး အကျေပေးချေစနစ်၊ အရစ်ကျစနစ်၊ နှစ်ရှည်ပေးချေမှုများဖြင့် ရောင်းချသွားမည် ဖြစ်သည်။

"သုံးမျိုးပေါ့ ။ အားလုံးကတော့တူတူပဲ ။ နံပါတ်တစ်ကတော့ အကျေစနစ်ပေါ့၊ နံပါတ်နှစ်ကတော့ အရစ်ကျပေါ့။ ၄လ ၄လရစ်ပေါ့၊ နောက်တစ်နည်းက နှစ်ရှည်ချေးငွေပေါ့ အကြမ်းဖျဉ်း ဦးတို့သိတာကတော့ ၂၀ ရာခိုင်နှုန်း ဖြစ်မယ် "ဟု မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးယုခိုင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် သီးသန့်တည်ဆောက် ဆောင်ရွက်ပေးရန် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ တည်ဆောက် ရေးဦးစီးကော်မတီကို ၂၀၁၇ခုနှစ် ဇွန်လ ၉ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၇ ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောာင်စုဝန်ကြီး ဦးကျော်ဝင်း က ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးကျော်လင်းက အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က အဖွဲ့ဝင်အဖြစ် အသီးသီးတာဝန်ပေးဖွဲ့စည်းခဲ့သည်။

၎င်းအစီအစဉ်၏ ရှေ့ပြေးစီမံကိန်းများအနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင် အကောင်ထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly