ဖေဖော်ဝါရီ ၉ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည့် ၇ နှစ်အကြာက ပေးအပ်ချီးမြှင့်ထားခဲ့ သည့် Freedom of Newcastle ဂုဏ်ထူးဆောင် ဆုတံဆိပ်ကို ယခုအခါ ပြန်လည်ရုတ်သိမ်းသွားရန် မြို့ကောင်စီဝင်တို့က မဲခွဲဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးတွင် မြန်မာအစိုးရ၏ ကိုင်တွယ်ပုံအပေါ် ကန့်ကွက်သည့်အနေဖြင့် ယခုကဲ့သို့ ဆုပြန်ရုတ်သိမ်းမှု လုပ်ငန်းစဉ်ကို မြို့ကောင်စီအကြီးအကဲ နစ်ခ် ဖော့ဘ်စ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆုရုတ်သိမ်းရေး အဆိုပြုချက်ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညက အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။
ယခု ဆုရုတ်သိမ်းမှုမှာ အဆိုပါ Freedom of the City ဆု ရရှိထားပြီးသူများအနက် ပထမဆုံးအကြိမ် ပြန်ရုတ်သိမ်းခံရခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ မြို့ မြူနီစီပယ်ဌာန နံရံတွင် ရေးထွင်းထားသည့် သူမ၏ အမည်ကို ပြန်လည်ဖယ်ရှားသွားတော့မည်ဟုလည်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ ကာလကြာ ဒီမိုကရေစီ တိုက်ပွဲဝင်မှုအတွက် အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၁ ခုနှစ်က အဆိုပါ နယူးကာဆယ် လွတ်လပ်ရေးဆု Freedom of Newcastle ကို ချီးမြှင့်ထားခဲ့ခြင်း ဖြစ်သည်။