ဒေါက်တာ ဦးအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲ

ဒေါက်တာ ဦးအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲ
ဓာတ်ပုံ - RiA

စစ်တွေ၊ ဖေဖော်ဝါရီ ၉ ရက်။                            ။ အမ်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် နှင့် ပရဟိတ လူငယ်စာရေးဆရာ ကိုဝေဟင်အောင်တို့ နှစ်ဦးကို ယနေ့ ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုကြောင်း စစ်တွေခရိုင်တရားရုံးမှ  အတိအလင်း ကြေညာလိုက်သည်။

အဆိုပါ နှစ်ဦးကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရုံးထုတ်ခဲ့ပြီး ၎င်းတို့အား စွဲဆိုထားသည့် ပုဒ်မများကို တရားသူကြီးက ဖတ်ကြားခဲ့ခြင်းလည်း ဖြစ်သည်။

“ ဒီကနေ့ ရုံးထုတ်တာကတော့ သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေအပေါ်မှာ အသိပေးတယ်။ နောက် ဒီ စစ်တွေ ခရိုင်တရားရုံးမှာ နိုင်ငံတော်ပုန်ကန်မှုပုဒ်မနဲ့ တရားစွဲဆိုထားတယ် ဆိုတာတွေပေါ့။ အဲဒါတွေကို တရားသူကြီး ဖတ်ပြတယ်ပေါ့။ အခုက ဒီလောက်ပါပဲ ”ဟု ရခိုင်အမျိုးသားပါတီ၊ မြို့နယ် ဥက္ကဋ္ဌဟောင်း ဦးအောင်သန်းဝေက ပြောသည်။

ဒေါက်တာဦးအေးမောင်နှင့် ပရဟိတ၊ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို မတရား ဆက်သွယ်မှုအသင်း ဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော် အကြည်ညိုပျက်စေသည့် ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၁ (ခ) (ဂ) စသည့် ပုဒ်မ (၃) ခုဖြင့်  အမှုဖွင့် ဖမ်းဆီးစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် တရားရုံးတွင် မတရားဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော် အကြည်ညိုပျက်စေသည့် ဥပဒေပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ရုံးတင်စစ်ဆေးခဲ့ပြီး ယနေ့တွင် စစ်တွေခရိုင်တရားရုံးတွင် ပထမဦးဆုံးအကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာအဏာ ကျဆုံးခြင်းအခမ်းအနားမှာ ၎င်းတို့၏ ဟောပြောချက်များသည် တိုင်းရင်းသားအချင်းအချင်း စည်းလုံးညီမှုပျက်ပြားစေသည့် စကားရပ်များ ပါရှိသည်ဟုဆိုကာ အမှုဖွင့် ဖမ်းဆီးခဲ့ပြီးနောက် စစ်တွေအကျဉ်း ထောင်တွင် ထိန်းသိမ်းခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး စစ်တွေခရိုင်တရားရုံးက နောက်တစ်ပတ် ရုံးချိန်းကို လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required