KIA တပ်ရင်း ၁၄ အပါအဝင် တပ်စခန်းများကိုဖယ်ပေးရန် တောင်းဆိုထားဟု ဆို

KIA တပ်ရင်း ၁၄ အပါအဝင် တပ်စခန်းများကိုဖယ်ပေးရန် တောင်းဆိုထားဟု ဆို
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။                         ။ ကချင်ပြည်နယ် တနိုင်းဒေသတွင် တည်ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၏ တပ်ရင်း (၁၄) အပါအဝင် တပ်စခန်းများကို ဖယ်ပေးရန် တပ်မတော်မှ တောင်းဆိုခဲ့သည်ဟု KIA မှဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်သည်။

KIO ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့်ဗဟိုကော်မတီဝင်များနှင့် တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စား ဒုတိယဗိုလ် ချုပ်ကြီး ထွန်းထွန်းနောင်တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကတွေ့ဆုံစဉ် တောင်းဆိုဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ မြန်မာတပ်မတော်ဘက်က ဆွေးနွေးရာတွင် KIA တပ်ရင်း (၁၄) ဌာနချုပ်အပါအဝင် KIA တပ်စခန်းများ ဖယ်ရှားပေးရန်နှင့် အချို့သော KIA တပ်မဟာ များတည်ရှိမှုကို အသိအမှတ်မပြုနိုင်ကြောင်း ဖိအားပေး ဆွေးနွေးခဲ့သည် ” ဟု KIA မှထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ကချင်လွပ်လပ်ရေးအဖွဲ့ (KIO/ KIA) အဖွဲ့များဖြစ်သည့် တနိုင်းမြို့နယ်ရှိ တပ်ရင်း (၁၄)၊ တပ်ရင်း (၂၇) နှင့် (၁၂)  တို့တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် မန်စီမြို့နယ် ၊ ဗန်းမော် မြို့နယ်တို့အပြင် ဖားကန့်မြို့နယ်တို့တွင်လည်း ထိတွေ့မှုများရှိခဲ့သည်။

KIA တပ်ရင်း ၁၄ ရှိသည့်တနိုင်းဒေသတွင် တပ်မတော်နှင့် KIA တို့ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စစ်ရေး တင်းမာမှုများဖြစ်ပေါ်နေသည့် အပြင်အဆိုပါစစ်ရေး တင်းမာမှုများကြောင့် ကုန်စည်တင်ပို့သည့် လမ်းကြောင်းများ ပြတ်တောက်ကာ စားနပ်ရိက္ခာ အခက်အခဲဖြစ်သည့်အထိဖြစ်ပွားခဲ့သည်။

အဆိုပါ စစ်ရေးတင်းမာမှုများကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာအထူးသံသမန်၏ ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးခဲ့သည့် တွေ့မှုသည် KIO ဗဟိုနှင့် တပ်မတော်တို့ သီးခြားတွေ့ဆုံသည့် ပထမဆုံးဆွေးနွေးပွဲလည်းဖြစ်သည်။

KIO/ KIA ဘက်မှ လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲကိစ္စများအပြင် ဒေသတွင်းတည်ငြိမ်ရေး၊ တိုက်ပွဲလျော့ချရေး၊ ငြိမ်းချမ်းရေးတွင်အားလုံးပါဝင်ရေးနှင့် ပင်လုံစာချုပ် ကတိကဝတ်နှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးများ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

သို့သော်  ကတိကဝတ်ပြုသည့် သဘောတူညီချက်တစ်စုံတစ်ရာမရရှိခဲ့ဘဲ ထပ်မံတွေ့ဆုံဆွေးနွေးသွားကြရန် သာ သဘောတူညီခဲ့ကြကြောင်းသိရသည်။

KIA သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နုတ်ထွက်၍ ဝပြည် သွေးစည်းညီညွတ်ရေးမှ ဦးဆောင် ဖွဲ့စည်းထား သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ ( FPNCC) တွင် ပါဝင်ကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးရန် ကြိုးပမ်းနေသည့်အဖွဲ့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly